လီဗာပူးနည်းပြ ကလော့ပ်က အသင်းရဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲက ပထမပိုင်းကစားပုံနဲ့ဆိုရင် ဘယ်လိုလုပ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာလဲဆိုပြီး ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ မနေ့ညက အန်ဖီးလ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဒီပွဲရဲ့ ပထမပိုင်းပွဲကစားချိန် အစောပိုင်းမှာတင် ခရစ္စတယ်ပဲလေ့စ်က အီဇီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး လီဗာပူးတို့ ဘယ်လိုမှ ပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း အမှတ်ပေးဇယားကို အာဆင်နယ်နဲ့ ပူးတွဲ ဦးဆောင်ခွင့်ကို ဆုံးရှုံးပြီး အဆင့် (၃) ကို ဆင်းပေးလိုက်ရပါတယ်။
ပွဲအပြီးမှာ ကလော့ပ်က “ကျွန်တော် ငနုံငအ မဟုတ်ပါဘူး။ အဖြေက တော်တော်လေးကို လွယ်ကူပါတယ်။ ကျွန်တော်တို့ ဒီနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲ ပထမပိုင်းက ပုံစံအတိုင်း ကစားရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးသင့်နိုင်မှာလဲ။ ဒုတိယပိုင်းလို ကစားရင်တော့ ပွဲတွေ နိုင်နိုင်ပါတယ်”
“အခြားကစားသမားတွေ ရုန်းကန်နေရချိန်မှာ သူတို့လည်း အတူတူလိုက်ရုန်းကန်နေရပါတယ်။ လာမယ့် လေးပွဲဆက်တိုက် အဝေးကွင်းပွဲကျပ်အတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ ဒါကပဲ အခုချိန်မှာ လွယ်ကူတဲ့ကိစ္စရပ်ပါ။ အခြားဘာမှမရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မနေ့ညက လီဗာပူးပွဲအပြီး အာဆင်နယ်နဲ့ အက်စတွန်ဗီလာပွဲမှာလည်း အက်စတွန်ဗီလာက ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်နဲ့ လီဗာပူးတို့ အဆင့် (၂) နဲ့ (၃) နေရာကို ဆင်းပေးလိုက်ရပြီး မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒီနှစ်သင်းကို (၂) မှတ် ဖြတ် ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။