လီယွန်နယ် မက်ဆီရဲ့ ဒဏ်ရာရနေတဲ့ အသင်းဖော် ရိုဒရီဂို ဒီပေါလ်ကို ပေးခဲ့တဲ့ ကမ္ဘာ့ဖလားကတိဟာ အာဂျင်တီးနားကြယ်ပွင့်က ဘာကြောင့် တသက်တာအကောင်းဆုံးကစားသမားအဖြစ် အများစုက ယူဆခြင်းခံခဲ့ရလဲဆိုတာကို သက်သေပြသခဲ့ပါတယ်။
ဒီပေါလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအစောပိုင်းအဆင့်တွေမှာ အာဂျင်တီးနားအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့ပေမယ့်လည်း နယ်သာလန်နဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ကြွက်သားဒဏ်ရာရရှိသွားခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟာ ၎င်းရဲ့ ကမ္ဘာ့ဖလားအိပ်မက်က အဆုံးသတ်သွားမှာကို စိုးရိမ်ခဲ့တာဖြစ်ပါတယ်။ အလွန်လိုချင်တဲ့ ဂျူးစ် ရီမက်ဆုကို ရရှိဖို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာကို သိရှိနေတာကြောင့် ဒီပေါလ်ဟာ ဒဏ်ရာရနေရင်းတန်းလန်းနဲ့ ဆက်ကစားဖို့ စိတ်ကူးကို ဆွေးနွေးဖို့ လီယွန်နယ် မက်ဆီကို ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ဒီပေါလ်ရဲ့ ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေနိုင်မယ့် အကြံအစည်ကို လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပြီး အဲဒီအစား ၎င်းရဲ့ လက်ရွေးစင်အသင်းဖော်ကို ဆီမီးဖိုင်နယ်အဆင့်မှာ ကစားဖို့ အခွင့်အရေးရစေရမယ်လို့ ကတိပေးခဲ့တာဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ "သူ ကျွန်တော့်ကို ပြောခဲ့တယ်။ 'ငါမင်းကို ဆီမီးဖိုင်နယ်ခေါ်သွားပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် မင်း ကစားလို့မရဘဲ ချန်လှပ်ခံရအောင်တော့ အရဲမစွန့်ပါနဲ့'တဲ့။ သူ့စကားကို ငြင်းပယ်ရမလားဆိုတာ ကျွန်တော် မသိခဲ့ဘူ။ အဲဒါက အရမ်းကို ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူက အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြောခဲ့တာမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အဖြစ်၊ အစ်ကိုတစ်ယောက်အဖြစ်နဲ့ ပြောခဲ့တာမို့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။
ဒီပေါလ်ဟာ မျှော်မှန်းထားတာထက် ပိုမို လျင်မြန်စွာနဲ့ ပြန်လည်သက်သာလာခဲ့ပြီးနောက် နယ်သာလန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခဲ့ပေမယ့်လည်း မိနစ် ၆၀ အကျော်မှာ ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းကို အန္တရာယ်များတဲ့ပြိုင်ဘက် နယ်သာလန်အသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားနဲ့ တွေ့ဆုံနိုင်အောင် လမ်းပြပေးခဲ့တာဖြစ်ပါတယ်။
ဒီပေါလ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပွဲထွက်လူစာရင်းထဲက နေရာကို ပြန်လည်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်ကို စိတ်လှုပ်ရှားဖွယ် အနိုင်ရရှိပြီးနောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာက လာမယ့်နှစ်တွေမှာ အမြဲတမ်း အမှတ်ရနေမယ့် အခိုက်အတန့်ဖြစ်ခဲ့မှာ သေချာပါတယ်။