ယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်းကြီး ဆာဟာက ယူနိုက်တက်တိုက်စစ်မှူး ဟို့ဂျ်လန်းအနေနဲ့ အခုထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဟို့ဂျ်လန်းဟာ ပြီးခဲ့တဲ့နွေမှာ အတ္တလန်တာကနေ ယူနိုက်တက်ကို ရောက်လာခဲ့တာပါ။
ဒါပေမယ့် ဒီဒိန်းမတ်တိုက်စစ်မှူးက ပရီးမီးယားလိဂ်မှာ တစ်ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။ ချန်ပီယံလိဂ်မှာတော့ ဟို့ဂျ်လန်းက ဂိုးသွင်းခြေစွမ်းပြသထားပြီး ငါးဂိုးအထိ သွင်းယူပေးထားပါတယ်။
လက်ရှိအချိန်မှာတော့ ဟို့ဂျ်လန်းတစ်ယောက် လူတန်တောင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာပြဿနာကြောင့် နိုဝင်ဘာလကုန်အထိ အနားယူရတော့မှာပါ။ ဟို့ဂျ်လန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့တော့ ဆာဟာက အခုလိုပဲပြောလာပါတယ်။
ဆာဟာက “ဟို့ဂျ်လန်းက အခုထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကစားနေတဲ့ နေရာရဲ့ သဘာဝကြောင့်ပါ။ အခုထက် ပိုလုပ်နိုင်မှာပါ။ ဒီအတွက် အခြားကစားသမားတွေနဲ့ မဆိုင်ဘဲ ကိုယ်တိုင် အဖြေရှာရမှာပါ။ ပံ့ပိုးမှုရ၊ မရနဲ့လည်း မဆိုင်ပါဘူး”
“ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်နောက်ခံလူတွေနဲ့ ရင်ဆိုင်ရမယ်၊ ဘောလုံးနောက်လိုက်ရမယ်၊ သူ့နေရာမှာလည်း တည်ငြိမ်တဲ့ ကစားပုံကို ပြသရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်တိုက်စစ်ကစားသမားတွေ ဂိုးမိုးခေါင်နေပြီး ဟို့ဂျ်လန်း၊ ဂါနာချို၊ အန်တိုနီတို့ တစ်ဂိုးမှ မသွင်းယူနိုင်သေးသလို ရပ်ရှ်ဖို့ဒ်ကလည်း တစ်ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။