လက်ရှိ ဆော်ဒီကလပ် အယ်လ်အီတီဟတ်မှာ ရောက်ရှိနေတဲ့ ဘန်ဇီမာဟာ ဥရောပမြေကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီဖြစ်ပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင်ဟောင်းကြီးဟာ အသင်းကနေလည်း ယာယီအားဖြင့် ထွက်ခွာခွင့်တောင်းခံထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဆော်ဒီမြေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ သူ့ရဲ့ ဆော်ဒီမြေ ခရီးလမ်းက အဆင်မပြေဖြစ်လာခဲ့ပြီး အာရှမြေကို ပြန်လည်စွန့်ခွာဖို့ အကြောင်းဖန်လာခဲ့တာပါ။
ဘန်ဇီမာဟာ ရော်နယ်ဒိုပါဝင်တဲ့ အယ်လ်နာဆာကို ရှုံးနိမ့်ခဲ့တဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကိုလည်း ဖျက်ထားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဒီကစားသမားကြီးရဲ့ အနာဂတ်သတင်းတွေက ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့တောင် သတင်းတွေက ဆိုခဲ့တာပါ။
ဒါ့အပြင် ဘန်ဇီမာက အသင်းဟောင်း လိုင်ယွန်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့လည်း ချိတ်ဆက်မှုတွေရှိနေတယ်လို့ ပြင်သစ်အခြေစိုက်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းတွေအပေါ်မှာ ဘန်ဇီမာကတော့ “ဒါတွေက လုံးဝကို မှားယွင်းတဲ့ သတင်းတွေပါပဲ”
“ပြင်သစ်မီဒီယာတွေက အခုထက်ပိုပြီး ဘာတွေကို ဖန်တီးရမလဲဆိုတာကို မသိကြတော့ပါဘူး။ ပိုကြီးမားတဲ့ အရာတွေကို ဖန်တီးနိုင်လေ၊ ပိုကောင်းလေပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဥရောပအသင်းတွေအနေနဲ့လည်း ဘန်ဇီမာကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့ လစာငွေကြီးမြင့်နေမှုက အခက်တွေ့စေတာဖြစ်ပါတယ်။