မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဝါဒါတို့ပွဲမှာ အယ်လ်နာဆာက ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ခြေစွမ်းပြခဲ့သလို ဒီမနက် ကစားသွားတဲ့ အင်တာမိုင်ယာမီပွဲမှာလည်း မက်ဆီက ခြေစွမ်းပြခဲ့ပြန်ပါတယ်။
ရော်နယ်ဒိုက အယ်လ်နာဆာအတွက် တစ်ယောက်တည်း သုံးဂိုးသွင်းပြီး ဟက်ထရစ်ရခဲ့သလို မက်ဆီကလည်း အင်တာမိုင်ယာမီအတွက် တစ်ဂိုးသွင်း၊ ငါးဂိုးဖန်တီးပြီး တစ်သင်းလုံးကို သူ့လက်သူ့ခြေ ပုံစံမျိုးနဲ့ ဖန်တီးသွားခဲ့တာပါ။
ရော်နယ်ဒိုက ပွဲပယ်ခံရပြီးနောက်ပိုင်း ဂိုးတွေဆက်တိုက်ရနေသလို မက်ဆီကလည်း ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက်ပိုင်း ကစားထားတဲ့ပွဲတိုင်းမှာ ဂိုးသွင်းရင် သွင်း၊ မသွင်းရင်လည်း ဂိုးဖန်တီးပေးပြီး ခြေစွမ်းပြနေကြတာပါ။ အင်တာမိုင်ယာမီကလည်း မေဂျာလိဂ်အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
အယ်လ်နာဆာကတော့ ဆော်ဒီပရိုလိဂ်မှာ ဇယားထိပ်က အယ်လ်ဟီလယ်ကို အမီလိုက်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုကတော့ သူလုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြနေပြီး လှပတဲ့ သွင်းဂိုးတွေ၊ ဟက်ထရစ်တွေကို သွင်းယူပေးနေတာဖြစ်ပါတယ်။
တစ်ချိန်တုန်းက ဘလွန်းဒီအော်ဆုကို အပြိုင်အဆိုင် ရယူခဲ့ကြတဲ့ ဒီနှစ်ယောက် အခုချိန်မှာ ဒီဆုအတွက် အပြိုင်မဟုတ်တော့သည့်တိုင် သူတို့နှစ်ယောက်ရဲ့ နေဝင်ချိန်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေ အပြိုင်အဆိုင် ပြသနေကြတုန်းပါ။ အဲ့ဒါကလည်း နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်မှာ အသေအချာပါပဲ။