ဘာစီလိုနာအတွက် နောက်ထပ်နစ်နာခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတပွဲပါ။ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာလည်း အဝေးကွင်းမှာ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးအသာရခဲ့ပြီးမှ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့ရပြီး အခု အင်တာမီလန်နဲ့ပွဲမှာလည်း ဘာစီလိုနာတို့အလားတူ ထပ်ဖြစ်ခဲ့ပါတယ်။
အင်ဇာဂီက ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်က လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ဒမ်ဘီလီတို့ကို နေရာလွတ်တွေ မပေးဖို့ သေချာပြင်ဆင်ခဲ့ပြီး အသင်းရဲ့တန်ပြန်တိုက်စစ်ကလည်း ဘာစီလိုနာကို ကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကတော့ ဆက်တိုက် တိုက်စစ်ဆင်နေပေမယ့် အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှာ သွင်းယူခဲ့တဲ့ အင်တာမီလန်ဘက်က ချာဟာနိုဂလူးရဲ့ တလုံးတည်းသောသွင်းဂိုးကြောင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲမှာ ရှုံးပွဲဆက်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ပီဒရီ ချေပဂိုးသွင်းပေမယ့် အန်ဆုဖာတီ လက်နဲ့ထိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။
တဖက်က လီဗာပူးပွဲမှာတော့ ကလော့ပ်တယောက် အပြောင်းအလဲတွေလုပ်ခဲ့ပြီး နိုင်ပွဲရရှိခဲ့ပါတယ်။ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်နူးနက်ဇ်တို့နဲ့အတူ ၄-၂-၃-၁ ပုံစံ ပွဲထုတ်ခင်းကျင်းခဲ့ပြီး အာနိုးလ်ရဲ့ အစောပိုင်း ဖရီးကစ်သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ လတ်တလော ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာနိုးလ်အတွက်တော့ ဒီဂိုးက တော်တော်လေး အဖိုးတန်ခဲ့တယ်လို့ ပြောရမှာပါ။ ဒုတိယပိုင်းမှာ ဆာလာက ပင်နယ်တီကတဆင့် လီဗာပူးအတွက် ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးတို့ နှစ်ဂိုးပြတ်နဲ့ ရိန်းဂျားစ်ကို အနိုင်ရရှိခဲ့ပါတယ်။
အစောပိုင်း ချန်ပီယံလိဂ်ပွဲတွေမှာတော့ ဘိုင်ယန်မြူးနစ်က ဗစ်တိုးရီးယားပါလ်ဇန်ကို အိမ်ကွင်းမှာ ငါးဂိုးပြတ်နဲ့ ဂိုးမိုးရွာပြီး အုပ်စုတွင်းမှာ ပေးဂိုးမရှိနဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မာဆေးလ်ကလည်း တယောက်လျော့ စပို့တင်းလစ္စဘွန်းကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
နောက်ကျပွဲတွေရဲ့ အခြားသောပွဲတွေမှာတော့ နာပိုလီက အေဂျက်စ်ကို အဝေးကွင်းမှာ ၁-၆ ဂိုးနဲ့ ဂိုးမိုးရွာခဲ့ပြီး အုပ်စုမှာရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။ စပါးကတော့ ဖရန့်ဖတ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး နောက်တဆင့်အတွက် လာမယ့်ပွဲတွေမှာ အမှားခံခွင့်မရှိတော့ပါဘူး။ အက်သလက်တီကိုက အဝေးကွင်းမှာ ဘရုဂေးကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပေါ်တိုက လေဗာကူဆင်ကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။