အာဆင်နယ်နဲ့စပါးတို့ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး မိုရာတာကို အငှားနဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ပေမယ့် မိုရာတာကတော့ ဂျူဗင်တပ်စ်မှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ တိုက်စစ်မှူးဟာ အသင်းကို ဗလာဟိုဗစ် ရောက်လာတာကြောင့် နေရာပျောက်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကတော့ မိုရာတာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားကာ ဗလာဟိုဗစ်နဲ့တွဲကစားစေမယ်လို့ သိရှိရပါတယ်။
အက်သလက်တီကိုကနေ အငှားနဲ့ ဂျူဗင်တပ်စ်ကို ရောက်ရှိနေတဲ့ ဒီကစားသမားဟာ ဒီမတိုင်ခင်ကလည်း အင်္ဂလန်မြေကို ပြန်လာဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ မိုရာတာကို ခေါ်ယူဖို့ စပါးနဲ့အာဆင်နယ်တို့ ကြိုးစားတဲ့အပေါ် သက်ဆိုင်ရာ နှစ်သင်းလုံးရဲ့ ပရိသတ်တွေက မနှစ်မြို့ခဲ့ကြပါဘူး။
အကြောင်းရင်းကတော့ ဒီကစားသမားဟာ ချဲလ်ဆီးမှာ၊ ပရီးမီးယားလိဂ်မှာ ကျရှုံးခဲ့တာကြောင့်ဖြစ်ပြီး သူ့ရဲ့ ကစားဟန်နဲ့ ပရီးမီးယားလိဂ်ကြံ့ခိုင်မှုအသားပေး ကစားဟန် မကိုက်ညီတာ၊ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးလွန်းတာကြောင့်ပဲဖြစ်ပါတယ်။
မိုရာတာကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်မှာ အာဆင်နယ်က ထွက်ခွာဖို့ သေချာနေတဲ့ တိုက်စစ်မှူး အူဘာမီးယန်းက ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီး ဘာစီလိုနာနဲ့ ကစားသမားအကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိထားတယ်လို့ ယုံကြည်ရပါတယ်။
စပါးအနေနဲ့ ဂျူဗင်တပ်စ်ဆီက ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာတို့ကို ခေါ်ယူပြီးတဲ့နောက် ဒီနေ့မှာ ဘရိုင်ယန်ဂေးလ်ကို ဗလင်စီယာဆီ အငှားချခဲ့တဲ့အပြင် ကွင်းလယ်လူ အန်ဒွန်ဘီလီကိုလည်း အပြီးသတ်ရောင်းချခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ လိုင်ယွန်ဆီ အငှားချသွားဖို့ ပြင်ဆင်နေပါတယ်။