လီဝန်တယောက် အသင်းဟောင်းနဲ့အတွေ့မှာ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

မနေ့ညက ကစားခဲ့တဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ လီဝန်ဒေါစကီးတယောက် အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ရကာ ဘာစီလိုနာလည်း အရေးနိမ့်ခဲ့ရပါတယ်။ လီဝန်ဒေါစကီးက အသင်းဟောင်းနဲ့ မြန်မြန်ဆန်ဆန်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ခဲ့ရချိန်မှာ ပုံမှန်ဂိုးသွင်းနေမှုတွေပါ ရပ်တန့်ခဲ့ရပြီး ဘာကာလည်း ဘိုင်ယန်ကို ရှုံးနေကျအတိုင်း ရှုံးမြဲရှုံးဆဲဖြစ်ခဲ့ရပါတယ်။ 

ပိုလန်တိုက်စစ်မှူးရဲ့ ခေါင်းတိုက်ချက်ကို နူအာက ကာကွယ်နိုင်ခဲ့သလို အပိုင်ပိတ်သွင်းယူမှုတလုံးကိုလည်း လီဝန်ဒေါစကီးက မိုးပေါ်ထောင်ကန်မိခဲ့ပါတယ်။ ဘာစီလိုနာအတွက် နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ဂိုးတွေရခဲ့တဲ့ လီဝန်က ဂိုးပေါက်ပြန်ပျောက်သွားခဲ့ပြီး အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ပြန်တွေ့မှုမှာ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဘာကာအသင်းဖော်နောက်ခံလူ ကွန်ဒေးကတော့ သူ့အသင်းဖော်တိုက်စစ်မှူးက နောက်တကြိမ်မှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုပြီး အားပေးခဲ့ပါတယ်။ ဒီရာသီမှာမှ ဘာကာကို အတူတူရောက်လာပေမယ့် ကွန်ဒေးနဲ့ လီဝန်တို့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိနေပြီး ကွင်းအတွင်းမှာလည်း နားလည်မှုရှိရှိနဲ့ ကစားနိုင်ခဲ့ကြပါတယ်။ 

ကွန်ဒေးက "ဒီနေ့မှာ လွဲချော်ခဲ့ပေမယ့် နောက်တကြိမ်ဆိုရင် (ဒုတိယအကျော့) သူ ဂိုးသွင်းနိုင်ပါလိမ့်မယ်၊ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ အသေးစိတ်ကအစ သူတို့ကို ယှဉ်နိုင်ခဲ့တာပါ၊ ဒါပေမယ့် ဂိုးတွေရဖို့တော့ မလုပ်နိုင်ခဲ့ဘူး၊ ထောင့်ကန်ဘောတွေရတာနည်းခဲ့ပြီး ဒုတိယဂိုးကိုလည်း အချိန်တိုအတွင်းမှာ ပေးခဲ့ရတာက ပွဲကို အဆုံးအဖြတ်ဖြစ်စေခဲ့ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

ဘွန်ဒက်လီဂါမှာ ၃ ပွဲဆက်တိုက် သရေကျထားပေမယ့် ဘိုင်ယန်ကတော့ ဘာစီလိုနာကို အနိုင်ယူခဲ့ပြီး ၂ပွဲဆက်အနိုင်နဲ့အတူ အုပ်စုတွင်းမှာ ဦးဆောင်နေပြီဖြစ်ပါတယ်။ လာမယ့် ပွဲစဉ် ၃ အဖြစ် ဘာစီလိုနာ-အင်တာမီလန်၊ ပယ်လ်ဇန်- ဘိုင်ယန်တို့ကစားရမှာဖြစ်ပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ အရေးပါတဲ့ပွဲစဉ်တွေဖြစ်လာမှာပါ။ 


Share

Loading Next Article...
က္က