အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းက လွန်ခဲ့တဲ့နှစ်သက်တမ်းပေါင်း ၂၁၀ ကျော်က ပင်လယ်ပျော်တွားသွားသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းမျိုးရင်းဖြစ်တယ်လို့ လည်းသိရပြီး ဖွတ် ၊ပုတက် ၊ပုတ်သင်ညိုတို့လို အရွယ်အစားအားဖြင့် ၂၀ စင်တီမီတာကနေ ၁ မီတာအထိရှည်လျားတဲ့ ခေါင်းသင်းလည်ပင်ရှည် မေးရိုးသေးချွန်ထက်တဲ့သွားတွေပါတဲ့သတ္တဝါအဖြစ်တွေ့ရတယ်လို့ ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဒေါက်တာခိုင်ခိုင်စန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာပထမဦးဆုံးတွေ့ရှိထားတာလို့ဆိုတဲ့ ဒိုင်နိုဆောမျိုးနွယ်ဝင်တွားသွားသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းကို မန္တလေးမြို့က ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနပြခန်းမှာ ပြသပေးထားတော့မှာဖြစ်တယ်လို့သိရပါတယ်။
ဘူမိဗေဒကျောင်းသားကျောင်းသူတွေအပါအဝင် သဘာဝကျောက်ဖြစ်ရုပ်ကြွင်းတွေအပေါ်စိတ်ဝင်စားကြတဲ့ကျောင်းသားကျောင်းသူတွေအတွက် လေ့လာကြည့်ရှုနိုင်ဖို့၊ သုတေသနပြုနိုင်ဖို့အတွက် ပြသပေးထားမှာပဲဖြစ်ပြီး လက်ရှိမှာတော့ ပြခန်းမွမ်းမံပြင်ဆင်နေချိန်ဖြစ်တာကြောင့် ဘူမိဗေဒဌာနပါမောက္ခဒေါက်တာခိုင်ခိုင်စန်းကပဲ သိမ်းဆည်းထားပါတယ်။
“ ဒီလိုကျောက်ဖြစ်ရုပ်ကြွင်းမျိုး နောက်ထပ်တစ်ခုရှိသေးတယ်။ အဲဒီတစ်ခုကိုတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကရှမ်းယဉ်ကျေးမှုပြတိုက်မှာ ပြသထားတယ်။ မျိုးရင်းသာခွဲခြားနိုင်သေးပြီး မျိုးစုတွေမျိုးစိတ်တွေထပ်ခွဲခြားနိုင်ဖို့တော့ ဆက်လက်သုတေသနပြုသွားရဦးမှာ။ စမ်းသပ်မှုတွေလုပ်ပြီးရင်တော့ ဘူမိဗေဒ ဘာသာရပ်ရဲ့ အကျိုးအတွက် သင့်တော်တဲ့ ပြတိုက်တစ်ခုမှာ လှူမှာ။ သင့်တော်တဲ့ ဘူမိဗေဒပြတိုက်တစ်ခုခုမှာဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့် အမျိုးသားပြတိုက်လိုဟာမျိုးမှာ လှူမယ်လို့ စဉ်းစားထားတယ်။ ဘယ်မှာလှူမယ်လို့တော့ သေချာမဆုံးဖြတ်ရသေးဘူး” လို့ ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဒေါက်တာခိုင်ခိုင်စန်းက Duwun ကိုပြောပါတယ်။
အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရဲ့အနောက်ဘက်က ရဲဘော်ဟောင်းကျောက်တောင်ပေါ်က နေရရှိခဲ့တာလို့သိရပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောမျိုးနွယ်ဝင်ပင်လယ်ပျော် ကျောရိုးရှိတွားသွားသတ္တဝါရဲ့ကျောက်ဖြစ်ရုပ် ကြွင်းအဖြစ် သုတေသနပြုမှတ်တမ်းတင်ထားပါတယ်။
အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းက လွန်ခဲ့တဲ့နှစ်သက်တမ်းပေါင်း ၂၁၀ ကျော်က ပင်လယ်ပျော်တွားသွားသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းမျိုးရင်းဖြစ်တယ်လို့ လည်းသိရပြီး ဖွတ် ၊ပုတက်၊ ပုတ်သင်ညိုတို့လို အရွယ်အစားအားဖြင့် ၂၀ စင်တီမီတာကနေ ၁ မီတာအထိရှည်လျားတဲ့ ခေါင်းသင်းလည်ပင်ရှည် မေးရိုးသေးချွန်ထက်တဲ့သွားတွေပါတဲ့သတ္တဝါအဖြစ်တွေ့ရတယ်လို့လည်း ပါမောက္ခကပြောပါတယ်။ မြန်မာနိုင်ငံမှာပထမဦးဆုံးတွေ့ရတဲ့ ဘူမိဗေဒဆိုင်ရာတန်ဖိုးဖြတ်မရတဲ့ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တာကြောင့်လည်း သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ပြတိုက် တစ်ခုနဲ့မှတ်တမ်းတင်ထားရှိပြသသွားဖို့စီစဉ်ခဲ့တာဖြစ်ပြီး ဒီကျောက်ဖြစ်ရုပ်ကြွင်းနဲ့ပတ်သက်လို့လည်း လတ်တလောမှာ နိုင်ငံတကာကပညာရှင်တွေနဲ့သုတေသနလုပ်ငန်းတွေဆက်လက်လုပ်ဆောင်သွားဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။
အခုမွမ်းမံပြင်ဆင်နေတဲ့ ပြတိုက်ကိုတော့ လာမယ့်နိုဝင်ဘာလမှာကျင်းပပြုလုပ်မယ့် ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာန မြေကမ္ဘာသိပ္ပံပညာရပ်ဆိုင်ရာ Conference မှာပဲ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။