ပရိသတ်တွေအတွက်တော့ တော်တော်လေးမြင့်မားတဲ့ စျေးနှုန်းပါပဲ။

အာဆင်နယ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ၀ုလ်ဗ်နဲ့ပွဲလက်မှတ်ဟာ အွန်လိုင်းမှာ လက်မှတ်တစောင်ကို ပေါင် ၅၃၀၀၀ အထိ စျေးပေါက်နေပါတယ်။ အမှတ်ပေးဖလားကို အာဆင်နယ်က ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပြီး အသင်းဆုဖလားရတာကို မြင်တွေ့ချင်တဲ့ အာဆင်နယ်ပရိသတ်တွေဟာ မြင့်မားတဲ့ စျေးနှုန်းကို ပေးချေပြီးမှ ကြည့်ရှုနိုင်မယ့်ကိန်း ဆိုက်နေပါတယ်။ 

အာဆင်နယ်ဟာ အမှတ်ပေးဖလားကို မရယူနိုင်ခဲ့တာ ၁၉ နှစ်ကြာရှိနေခဲ့ပြီဖြစ်ပြီး ဒီရာသီမှာ အဆုံးသတ်နိုင်ဖို့ အခွင့်အရေးကောင်းနေတာပါ။ လက်ကျန်ပွဲ ၁၀ ပွဲသာ လိုတော့ချိန်မှာ မန်စီးတီးကို ၈ မှတ်ဖြတ်ထားပြီး ဦးဆောင်နေလို့ သူတို့ပရိသတ်တွေကတော့ အသင်း ဖလားယူနိုင်မယ်လို့ တထစ်ချယုံကြည်နေကြပါတယ်။ 

တရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူတွေအတွက် ပြသနာမရှိပေမယ့် တပွဲချင်းစီကိုသာ ဝယ်ယူအားပေးနေတဲ့ ပရိသတ်တွေကတော့ စျေးနှုန်းမြင့်မားစွာပေးချေရဖို့ ရှိနေပါတယ်။ ပေါင် ၅၃၀၀၀ ဆိုတာဟာ တော်တော်လေးများပြားတဲ့ ပမာဏဖြစ်ပြီး သာမန်ပရိသတ်တဦးအတွက်တော့ ဝယ်ယူဖို့ မဖြစ်နိုင်တဲ့ ပမာဏလည်းဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် lower tier လက်မှတ်တစောင်ဟာ ပေါင် ၄၁.၅ သာ ကျသင့်ပေမယ့် အွန်လိုင်းမှာ ၅၃၀၀၀ အထိ စျေးပေါက်လာခဲ့တာပါ။ တချို့ပွဲကြည့်စင်နေရာတွေအတွက်လည်း ပေါင် ၂၅၀၀၀အထိ စျေးရှိနေပါတယ်။ ၀ုလ်ဗ်နဲ့ကစားရမယ့်ပွဲမှာ ပုံမှန်အားဖြင့် စျေးအကြီးဆုံးလက်မှတ်ရဲ့ တန်ဖိုးဟာ ၇၅.၅ ပေါင်သာရှိတာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ရဲ့ တရာသီစာ လက်မှတ်ကို ဝယ်ယူထားတဲ့ အရေအတွက်ဟာ ၄၂၀၀၀ ရှိတယ်လို့ ခန့်မှန်းရပြီး ပရိသတ် ၆၀၀၀၀ ကျော် ဝင်ဆန့်တဲ့ကွင်းဖြစ်ပါတယ်။ ဧည့်သည်အသင်းအတွက် လက်မှတ်ခွဲတမ်းချပေးပြီးရင်တောင်မှ နေရာအများအပြားရှိနေဦးမှာဖြစ်ပြီး လက်မှတ်ခတွေ အခုလိုမျိုးမြင့်မားနေတာက တပွဲချင်းစီ ကြည့်ရှုတဲ့ ပရိသတ်တွေအတွက် အသင်းဖလားရတာကို ကွင်းအတွင်းကြည့်ရဖို့ ခက်ခဲလာနိုင်ပါတယ်။ 

Share

Loading Next Article...
က္က