အာဆင်နယ်နဲ့ပွဲမှာ ကွင်းလယ်ကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့တာပါ။

စပို့တင်းလစ္စဘွန်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးလို့ သတ်မှတ်ခံထားရတဲ့ ပက်ဒရိုကတော့ ညက အာဆင်နယ်နဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို လှလှပပသွင်းယူပေးသွားခဲ့ပါတယ်။ ပက်ဒရိုဟာ ကွင်းလယ်ကနေ လှမ်းကန်ခဲ့တာဖြစ်ပြီး ရှေ့ထွက်နေတဲ့ အာဆင်နယ်ဂိုးသမားရမ့်စ်ဒေးလ်တယောက် ဘယ်လိုမှမကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရပါတယ်။ 

ကွင်းလယ်မှာ အာဆင်နယ်ကစားသမားတွေနဲ့ ဘောလုံးယှဉ်လုနေရင်းနဲ့ ပက်ဒရိုက ဘောလုံးရလာချိန်မှာ အချိန်ဆိုင်းမနေတော့ဘဲ ဂိုးသမားကို ကျော်ပြီးသွင်းယူခဲ့တာပါ။ သူ့ရဲ့ ကန်ချက်က တိကျမှန်ကန်ခဲ့ပြီး ရမ့်စ်ဒေးလ်တယောက် အသည်းအသန်လိုက်ဖမ်းခဲ့ပေမယ့် မမီခဲ့တော့ဘဲ ဂိုးပေးလိုက်ရကာ သူ့အတွက်တော့ အရှက်ရစရာဖြစ်ခဲ့ရပါတယ်။ 



စပို့တင်းအတွက်တော့ ဒီဂိုးက အသက်ဆက်ပေးနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီရဲ့ အလှပဆုံးသွင်းဂိုးလို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဒီဂိုးကြောင့် စပို့တင်းဟာ အာဆင်နယ်ကွင်းမှာ သရေပြန်ကစားနိုင်ခဲ့ပြီး အချိန်ပိုအထိ ခရီးဆက်နိုင်ခဲ့သလို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ 

ရမ့်စ်ဒေးလ်ကတော့ ပင်နယ်တီအဆုံးအဖြတ်မှာလည်း တဂိုးမှမကာကွယ်နိုင်ခဲ့ပါဘူး။ စပို့တင်းဂိုးသမားကတော့ မာတင်နယ်လီရဲ့ကန်ချက်ကို ပုတ်ထုတ်နိုင်ခဲ့ပြီး စပို့တင်းကစားသမားတွေက ၅ ဂိုးစလုံးကို ဝင်အောင် ကန်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ အိမ်ကွင်းမှာပဲ အရေးနိမ့်ကာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ 

ဘယ်သူမှထင်မှတ်မထားတဲ့ ရလဒ်တခုကို စပို့တင်းက ဖန်တီးနိုင်ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့တဲ့ညလည်းဖြစ်ပါတယ်။ အာဆင်နယ်အတွက်တော့ ပြည်တွင်းဖလားဖြစ်တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က