ရှာရစ်နဲ့ပွဲမှာ ဂိုးထပ်သွင်းနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကတော့ ယူရိုပါလိဂ်အုပ်စုပွဲအဖြစ် ရှာရစ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာတော့ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူးရော်နယ်ဒို ပွဲထွက်ပါဝင်လာခဲ့ပြီးတော့ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ စိတ်ကျေနပ်ခဲ့ရပြီး ရော်နယ်ဒိုအတွက်လည်း သက်ပြင်းချနိုင်စရာဖြစ်ခဲ့ရပါတယ်။ 

ပေါ်တူဂီသားကတော့ ဂိုးရဖို့အတွက်ကို တော်တော်လေးအသည်းအသန်ကြိုးစားအားထုတ်နေခဲ့ပြီး ကွင်းလယ်ထိဆင်း ဘောလုံးယူ၊ ဘောလုံးလိုက်တောင်းနေတာတွေကို တွေ့ခဲ့ရပါတယ်။ အခွင့်အရေးတချို့ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့လို့ ဂိုးစောစောမရခဲ့တာဖြစ်ပြီး အဆုံးသတ်ပိုင်းမှာ သူ ပိုကောင်းလာဖို့တော့ ကြိုးစားရဦးမှာပါ။ 

ယူနိုက်တက်အတွက် ဒါလော့က ပထမပိုင်းပြီးခါနီးမှာ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ်က နောက်တဂိုးနဲ့ ရော်နယ်ဒိုက မိနစ် ၈၀ ကျော်မှာ ပွဲသိမ်းဂိုးသွင်းယူပေးခဲ့တာပါ။ ဒီဂိုးကတော့ သူ့အတွက် ဒီရာသီ ၃ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒီရာသီပထမဆုံးသော အိမ်ကွင်းသွင်းဂိုးလည်း ဖြစ်ခဲ့ကာ ဂိုးအရမ်းလိုချင်ခဲ့တဲ့ ရော်နယ်ဒိုအတွက် ကျေနပ်စရာကောင်းခဲ့ပါတယ်။  ရှာရစ်ကို နှစ်ကျော့စလုံးမှာ ရော်နယ်ိဒုက ဂိုးရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



ဂိုးသွင်းအပြီးမှာ ရော်နယ်ဒိုက တရေးတမောအိပ်စက်ဟန်ပုံစံနဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ယူရိုပါလိဂ်မှာ ၅ ပွဲကစားအပြီး ၄ပွဲအနိုင်ရခဲ့ကာ ဆိုဆီဒက်နဲ့တော့ ၃ မှတ်ကွာဟနေတာဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲကို ဆိုဆီဒက်နဲ့ ကစားသွားရမှာဖြစ်ပြီး ပထမအကျော့က အိမ်ကွင်းရှုံးပွဲကို လက်စားချေရမယ့် ပွဲလည်းဖြစ်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်နိုင်ဖို့ အရေးပါတဲ့ပွဲလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က