လော်ရီယန့်နဲ့ပွဲမှာ ၅-၁ နဲ့ ပီအက်စ်ဂျီတို့ အနိုင်ရရှိခဲ့ပြီး ရှုံးပွဲတွေဆက်နေခဲ့မှုကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီး လီဂူးမှာလည်း မိုနာကိုကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပိုချက်တီနိုရဲ့ အသင်းက မနေ့ကပွဲမှာ ပေါက်ကွဲပြခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနဲ့အတူ လီဂူးဖလားကို ဆွတ်ခူးနိုင်ဖို့က သေချာသလောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီမှာ ပီအက်စ်ဂျီကို ရောက်ရှိခဲ့တဲ့ မက်ဆီဟာ လီဂူးပွဲစဉ် ၃၀ ကို အရောက်မှာမှ သူ့အတွက် ၃ ဂိုးမြောက် လိဂ်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ အဓိကဂိုးသွင်းရှင်ဖြစ်တဲ့ ဘတ်ပီက ဂိုးထပ်ရခဲ့သလို ရရှိခဲ့သလို ခြေစွမ်းကျနေတဲ့ နေမာက အဖွင့်ဂိုးနဲ့ အပိတ်ဂိုးကို သွင်းယူပြီး ဂိုးပေါက်ပြန်တွေ့သွားခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ပီအက်စ်ဂျီက လက်ကျန် ၈ ပွဲအလိုမှာ ဒုတိယနေရာက မာဆေးလ်ကို ၁၂ မှတ်အထိ ဖြတ်တောက်ထားပြီးဖြစ်ပါတယ်။ လက်ကျန်ပွဲတွေထဲက ၄ ပွဲ အနိုင်ရတာနဲ့ လီဂူးဖလားကို ဆွတ်ခူးနိုင်တော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့အသင်းအတွက်တော့ အမှတ်ပေးဖလားရယူနိုင်မှုက သိပ်ထူးဆန်းမှုရှိမှာမဟုတ်ဘဲ ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခွာခဲ့ရတဲ့အတွက် ဒီရာသီမှာ မျှော်လင့်ထားသလောက် မအောင်မြင်ဘူးလို့ ဆိုရမှာပါ။