ချန်ပီယံဆုအတွက် လီဗာပူးနဲ့ချဲလ်ဆီးတို့ မန်စီးတီးကို မကျော်နိုင်ဘူးလို့ ဂျိုကိုးလ်က သုံးသပ်ခဲ့တာပါ။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို လီဗာပူးနဲ့ချဲလ်ဆီးတို့ ကျော်ဖြတ်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပွဲစဥ် (၁၇) အထိ ကစားပြီးချိန်မှာ ဒုတိယနေရာက လီဗာပူးကို (၁) မှတ်၊ တတိယနေရာက ချဲလ်ဆီးကို (၄) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။



ဂျိုကိုးလ်ဟာ ဒီမတိုင်ခင်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ချဲလ်ဆီး ဆွတ်ခူးမယ်လို့ ပြောကြားခဲ့ဖူးပြီး အခုချိန်မှာတော့ သူ့ရဲ့ ယူဆချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဂျိုကိုးလ်က “အခုချိန်မှာတော့ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးပဲ ရမယ် ပြောရတော့မှာပါ”

“ဒါ ချဲလ်ဆီးရမယ်လို့ ပြောပြီးနောက်ပိုင်း ကျနော့်ရဲ့ ခန့်မှန်းချက်ကို ပထမဆုံးအကြိမ် ပြင်ဆင်တာဖြစ်ပါတယ်။ ချဲလ်ဆီးက မနေ့ညက အမှတ်တွေလျော့ခဲ့ပြီး တနေ့ညက မန်စီးတီးနဲ့လိဒ်စ်ပွဲကိုလည်း ကျနော်ကြည့်လိုက်ရပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ပွဲပါ”

“အဓိကပြောချင်တာကတော့ မန်စီးတီးက နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံဆုအတွက် ဘယ်လိုတိုက်ပွဲဝင်ရလဲဆိုတဲ့ အတွေ့အကြုံတွေရခဲ့ပြီဆိုတာပါပဲ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ဒီကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ မန်စီးတီးက လိဒ်စ်ကို (၇) ဂိုးပြတ်သွင်းပြီး နိုင်ပွဲရရှိခဲ့တာပါ။

ချဲလ်ဆီးကတော့ မနေ့ညက အဲဗာတန်နဲ့အိမ်ကွင်းပွဲမှာ အသာစီးကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိခဲ့ပြီး အိမ်ကွင်းမှာ တဖက်တဂိုးစီ သရေနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်းက အကျပိုင်းကို ရောက်ရှိလာခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာတောင် သက်သောင့်သက်သာနိုင်ပွဲတပွဲကို မမြင်တွေ့ရတော့ပါဘူး။

ပြီးခဲ့တဲ့ရာသီက နည်းပြတူဟယ်လ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာတော့ ပြည်တွင်းမှာပါ အောင်မြင်မှုရဖို့ ပစ်မှတ်ထားလာခဲ့ပြီး ခြေမှန်နေတဲ့ မန်စီးတီးကို ကျော်တက်နိုင်ဖို့တော့ ခက်ခဲနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က