ဇာဗီက ပြောကြားခဲ့တာပါ။

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းအနေနဲ့ လက်ရှိ ဘောလုံးရာသီမှာ ဆုဖလားအားလုံးကို သိမ်းပိုက်ဖို့ ကြိုးစားသွားဦးမှာ ဖြစ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ပူပူနွေးနွေး ဆင်းကစားရတော့မယ့် အသင်းလည်းဖြစ်ပါတယ်။



သူတို့ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း အခုလိုမျိုး ချန်ပီယံလိဂ်ကနေထွက်ပြီး ယူရိုပါလိဂ်ကို ပြောင်းရွှေ့ကစားခဲ့ရပါသေးတယ်။ အဲ့ဒီနှစ် ယူရိုပါလိဂ်မှာလည်း ဇာဗီရဲ့အသင်းက ကွာတားဖိုင်နယ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ဇာဗီလက်ထက်မှာ ဘာစီလိုနာက ကြီးမားတဲ့ အောင်မြင်မှုမရရှိသေးပါဘူး။

ဒါပေမယ့် ဇာဗီကတော့ “ကျနော်တို့ လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလားနဲ့ ယူရိုပါလိဂ် ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားရပါမယ်။ အသင်းရဲ့ ရည်မှန်းချက်ကိုက ဆုဖလားတွေ ဆွတ်ခူးဖို့ဖြစ်ပြီး ကျနော်တို့ ချန်ပီယံလိဂ်မှာ မရှိတော့သည့်တိုင် ဒီရည်မှန်းချက်က ပြောင်းလဲသွားမှာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဇာဗီဟာ ကစားသမားဘဝမှာလည်း ဘာစီလိုနာနဲ့ စပိန်တို့ရဲ့ ဂန္တဝင်ကစားသမားတယောက်ဖြစ်ခဲ့ပြီး ဘာစီလိုနာကို သူနည်းပြအဖြစ် ပြန်ရောက်လာချိန်မှာ ပရိသတ်တွေက မျှော်လင့်ချက် ကြီးမားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုချိန်တော့ ဇာဗီတယောက် ဘာစီလိုနာမှာ အောင်မြင်မှုမရသေးဘဲ သူ့လက်ထက်မှာတင် ဘာစီလိုနာက နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ် ဆင်းကစားခဲ့ရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် အောင်မြင်မှုနဲ့လည်း နှစ်ရှည်လများ ဝေးကွာခဲ့ရပြီး ဒီရာသီမှာရော ဇာဗီ ပြောသလိုမျိုး သူတို့ ကြိုးစားနိုင်မလား၊ ကြိုးစားမှုတွေ အရာထင်မလား စောင့်ကြည့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က