ဒီရာသီပရီးမီးယားလိဂ်မှာ ကစားသမားတဦးချင်းရင်ဆိုင်ရချိန် အကောင်းဆုံးစွမ်းဆောင်ပြထားနိုင်တဲ့သူက မန်ချက်စတာယူနိုက်တက်နောက်ခံလူ အာရွန်ဘစ်စ်ကာဖြစ်နေပါတယ်။ မှတ်တမ်းတွေအရ ဘစ်စ်ကာရဲ့ အချက်အလက်တွေက အရမ်းကောင်းမွန်လွန်းနေပြီး ပရီးမီးယားလိဂ်မှာ သူ့ကို တဦးချင်းအနေအထားနဲ့ ကျော်ဖြတ်နိုင်တဲ့ ကစားသမားတဦးတည်းသာ ရှိနေခဲ့ပါတယ်။
ဘစ်စ်ကာဟာ တဦးချင်းတွေ့ဆုံထားမှုမှာ အနိုင်ရရှိနှုန်း ၉၃.၈% အထိ ရှိနေပြီး ဒုတိယနေရာက အာဆင်နယ်နောက်ခံလူ ဆာလီဘာက ၈၃.၃% ပဲရှိလို့ သူတို့နှစ်ဦးကြားမှာတောင် ကွာဟချက်က များပြားနေတာကို မြင်တွေ့ရမှာပါ။ သူတို့နှစ်ဦးနောက်မှာတော့ လုခ်ရှော၊ ရော်ဘင်ဆင်၊ ကန်နီတီတီ၊ ရီဆီဂျိမ်းစ်၊ ကွန်ဆာ၊ အက်ရှ်လေယန်း၊ သီယာဂိုဆေးလ်ဗားတို့က ရပ်တည်နေပါတယ်။
အဆိုးရွားဆုံးကစားသမားတွေအဖြစ် ကိုင်လီဝေါ်ကာ၊ ခရက်စ်ဝဲလ်၊ ဗာရန်း၊ လီဝစ်ဒန့်ခ်၊ ဂေါ့ဒ်ဖရေး၊ ဆူတာ၊ ဗန်ဒိုက်၊ မော်ရီနိုနဲ့ ရီအမ်တို့က ရပ်တည်ခဲ့ကြပါတယ်။ ဘစ်စ်ကာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တဦးတည်းသော ကစားသမားကတော့ နော်တင်ဟမ်ဖောရက်စ်ကို ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အီမန်နူရယ်ဒန်းနစ်က ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ချန်ပီယံလိဂ်မှာ လီဗာပူးလ်နောက်ခံလူအာနိုး၊ ချယ်လ်ဆီးနောက်ခံလူ ရီဆီဂျိမ်းစ်တို့ကို ကောင်းကောင်းကြီးကျော်ဖြတ်ပြခဲ့တဲ့ ရိးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီရှပ်ကို ဟန့်တားနိုင်မယ့်သူက ဘစ်စ်ကာပဲရှိတယ်ဆိုတဲ့ ပို့စ်တွေတောင်မှ ဖော်ပြမှုတွေရှိခဲ့ပါသေးတယ်။
ဘစ်စ်ကာကတော့ ဒီရာသီမှာ တန်ဟက်ဂျ်လက်အောက် နေရာပြန်ရလာပြီး ဒါလော့နဲ့ နေရာလုနေရတာဖြစ်ပါတယ်။ သူ့အပေါ်မှာ တန်ဟက်ဂျ်ရဲ့ ယုံကြည်မှုက မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ၂ဂိုးစီသရေကျခဲ့ပေမယ့်လည်း ဘစ်စ်ကာကိုတော့ တဦးချင်းကျော်ဖြတ်နိုင်ခဲ့တဲ့သူ မရှိခဲ့ပါဘူး။