ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က သူ့အနေနဲ့ လာမယ့်ရာသီသစ်မှာ အသင်းအတွက် (၃၅) ဂိုး ဒါမှမဟုတ် ဂိုး (၄၀) လောက် သွင်းယူနိုင်မယ်လို့ ခံစားမိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် အသင်းထွက်ပေါ်ခဲ့ဖူးတဲ့ အကယ်ဒမီထွက် ကစားသမားတစ်ယောက်ပါ။
ဒါပေမယ့် တန်ဟက်ခ်ရောက်လာချိန်မှာတော့ ရပ်ရှ်ဖို့ဒ်က အသင်းမှာ ခြေစွမ်းပြန်ပြလာနိုင်ပြီး လက်ရှိနွေရာသီမှာပဲ အသင်းနဲ့ ကာလရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုပြီးဖြစ်ပါတယ်။ လာမယ့်ရာသီမှာလည်း ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါ့အပြင် အဆိုပါ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်က ယူနိုက်တက်ဂန္တဝင်ဟောင်း ရွန်းနီရဲ့ ဂိုးသွင်းစံချိန်ကိုလည်း ရိုက်ချိုးဖို့ ပစ်မှတ်ထားနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်က “ရွန်းနီရဲ့ ယူနိုက်တက်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ရိုက်ချိုးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”
“ဘာတွေဖြစ်လာမယ်ဆိုတာကို ခင်ဗျားလည်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဂိုးတွေသွင်းမယ်၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်မယ်ဆိုတာကိုပဲ စဉ်းစားပါတယ်။ ဒါက ဖြစ်လာနိုင်တဲ့ အခွင့်အရေးပါပဲ။ ကျွန်တော် ရွန်းနီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ”
“သူကလည်း ကျွန်တော့်ကို သူ့စံချိန်ကို ရိုက်ချိုးစေချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမတိုင်ခင်က ကျွန်တော်က တစ်ရာသီ ဂိုး (၂၀) ပဲ ပစ်မှတ်ထားခဲ့တာပါ။ ဒါက တောင်ပံကစားသမားတစ်ယောက်အတွက် ကောင်းမွန်တဲ့ ပစ်မှတ်ပါ။ ဒါပေမယ့် ကျွန်တော်သာ ဒီအတိုင်း ဆက်သွားနိုင်ခဲ့ရင် လာမယ့်ရာသီကျရင် (၃၅) ဂိုး ဒါမှမဟုတ် ဂိုး (၄၀) လောက် သွင်းနိုင်မယ်လို့ ခံစားမိနေပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။