ချဲလ်ဆီးပရိသတ်တွေကတော့ အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် သူတို့အသင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး အသင်းက အမှန်တကယ် တန်းဆင်းနိုင်ခြေရှိကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။ မနေ့ညက အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီးတို့ ၃-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပြန်တာပါ။
ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၁၂) နေရာမှာ ရမှတ် (၃၉) မှတ်နဲ့ ရပ်တည်နေပြီး သာမန်အားဖြင့် တန်းမဆင်းရဖို့ လိုအပ်တဲ့ ရမှတ် (၄၀) ကိုတောင် မရရှိနိုင်သေးပါဘူး။ လမ်းပတ်ကိုင်တွယ်ပြီးကတည်းက အသင်းက ပွဲတိုင်း အရေးနိမ့်ခဲ့ပြီး သင်္ချာနည်းအရလည်း တန်းဆင်းနိုင်ခြေရှိနေပါတယ်။
အဆင့် (၁၈) နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ချဲလ်ဆီးအကြား ရမှတ် (၉) မှတ်သာ ကွာဟပြီး နော်တင်ဟမ်ဖောရက်စ်က ပွဲကျန် (၄) ပွဲရှိနေချိန်မှာ ချဲလ်ဆီးကတော့ ပွဲကျန် (၅) ပွဲရှိပါသေးတယ်။ အာဆင်နယ်နဲ့ပွဲအပြီးမှာလည်း လမ်းပတ်က အသင်းရဲ့ ကစားပုံကို ဝေဖန်ခဲ့ပြီး ပျော့ညံ့လွန်းတယ်လို့ ကစားသမားတွေကို ဝေဖန်ပြစ်တင်ထားပါတယ်။
ပရိသတ်တွေကတော့ “ဒီရာသီမှာ နောက်ထပ် အပို (၄) ပွဲ၊ (၅) ပွဲ လောက် ထပ်ကစားရမယ်ဆိုရင် ချဲလ်ဆီးတို့ တန်းဆင်းမှာပါ” “ချဲလ်ဆီးက တန်းဆင်းဇုန်အသင်းတွေဖြစ်တဲ့ လက်စတာ၊ နော်တင်ဟမ်ဖောရက်စ်၊ အဲဗာတန်တို့နဲ့ အနှိုင်းခံနေရပါပြီ။ ဒါပေမယ့် အဲ့ဒီအသင်းတွေကမှ ပွဲတိုင်း ကြိုးစားပြီး ပရိသတ်တွေကို ဂရုစိုက်ပါသေးတယ်”
“သြဂုတ်လမှာ တူဟယ်လ် ယူပေးခဲ့တဲ့ ရမှတ် (၁၀) မှတ်က အသင်းတန်းမဆင်းရဖို့ အကြောင်းရင်း ဖြစ်လာနိုင်ပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လက်ကျန်ပွဲတွေမှာ မန်စီးတီး၊ ယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့ ကစားဖို့ ကျန်ရှိနေသေးပြီး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိပါသေးတယ်။