ယူနိုက်တက်ဟာ လက်ရှိဘောလုံးရာသီမှာ ရမှတ်တမှတ်ရဖို့အတွက် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင် (၁၆.၉) သန်း အသုံးပြုခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရမှတ်နဲ့ပြောင်းရွှေ့ကြေး အသုံံးပြုမှုနှုန်းမှာ အဆိုးရွားဆုံးအဖြစ် စံချိန်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချို၊ ဗာရန်း၊ ရော်နယ်ဒိုတို့အတွက် စုစုပေါင်း ပေါင် (၁၂၆) သန်း အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ ယူနိုက်တက်က ရမှတ် (၅၈) မှတ်သာရရှိထားပြီး ရမှတ်တမှတ်ချင်းစီအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းနီးပါး အသုံးပြုခဲ့ရတယ်လို့ ကိန်းဂဏန်းအချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
မက်ဂွိုင်းရား၊ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့လို ကစားသမားတွေ အရင်တည်းကရှိပြီးသား ယူနိုက်တက်အတွက် ဒါက တော်တော်လေးဆိုးရွားတဲ့ အချက်အလက်တခုလည်းဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ အကောင်းဆုံးအချက်အလက်ကို ပိုင်ဆိုင်ခဲ့တာကတော့ ပရိသတ်တွေ သဘောကျနှစ်ခြိုက်အားပေးကြတဲ့ တန်းတက်ဘရန့်ဖို့ဒ်ပဲဖြစ်ခဲ့ပါတယ်။
နည်းပြ သောမတ်စ်ဖရန့်ရဲ့ ဘရန့်ဖို့ဒ်ဟာ ရာသီကုန်ဖို့ တပွဲသာ လိုတော့ချိန်မှာ ရမှတ် (၄၆) မှတ်ရရှိထားပြီး ရမှတ်တမှတ်ချင်းစီအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁.၅) သန်းသာ အသုံးပြုခဲ့ရပါတယ်။ ဒါဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အကောင်းဆုံးမှတ်တမ်းတရပ်ဖြစ်ခဲ့ပါတယ်။
မန်စီးတီးကတော့ လက်ရှိရရှိထားတဲ့ ရမှတ် (၉၀) အတွက် တမှတ်ကို ပေါင် (၁၀.၈) သန်း အသုံးပြုခဲ့ရပါတယ်။ ရမှတ် (၈၉) မှတ်ရထားတဲ့ လီဗာပူးကတော့ တမှတ်ချင်းအတွက် ပေါင် (၈.၂) သန်း အသုံးပြုထားရတာပါ။
အာဆင်နယ်ကတော့ ရမှတ်တမှတ်အတွက် ပေါင် (၈.၉) သန်း အသုံးပြုခဲ့ရပါတယ်။ တန်းဆင်းဇုန်ကလွတ်ဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ကတော့ ရမှတ်တမှတ်အတွက် ပေါင် (၁၂.၅) သန်း ကုန်ကျထားပြီး တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ လက်ကျန် ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ အမှားအယွင်းခံလို့မရတော့ပါဘူး။