ယူနိုက်တက်နဲ့ပွဲက ခြေစွမ်းကို သူက တော်တော်လေးအားရနေပါတယ်။

မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ၇ ဂီုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူ့အသင်းရဲ့ ဒီရာသီအကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်ရဲ့ အသင်းဟာ မဟာပြိုင်ဘက်ကြီးကို ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်သွင်းယူပြီး ကြီးမားတဲ့နိုင်ပွဲကို ရယူနိုင်ခဲ့ကာ အလဲထိုးခဲ့တာဖြစ်ပါတယ်။ 

အသင်းရဲ့ စွမ်းဆောင်ရည်အတွက်လည်း ကလော့ပ်က ကျေနပ်နေပြီး လီဗာပူးလ်ရှိနေသေးတယ်ဆိုတာကို အားလုံးသိဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ ဂက်ခ်ပို၊ နူနက်ဇ်နဲ့ ဆာလာတို့ကို ကလော့ပ်ကချီးကျူးခဲ့ပါတယ်။ လီဗာပူးလ်ဟာ ဒီနိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။ 

"ကျနော်တို့ ပွဲကို စတင်ခဲ့ပုံက တကယ်ကိုထူးခြားပါတယ်၊ အရမ်းကို တက်ကြွလွန်းခဲ့ပြီးတော့ ဘောလုံးကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ပထမပိုင်း ဂိုးမရခင်မှာလည်း အာရုံစူးစိုက်မှုရှိခဲ့ပြီး ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်၊ စူပါဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးတော့ ကျနော့်ကောင်လေးတွေက အမြင့်ပျံနိုင်ခဲ့ကြပါတယ်"

"ဒါက အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲက တခုပါ၊ ကျနော့် ကောင်လေးတွေ ဘယ်လောက်တောင်မှ ကောင်းမွန်လဲ လူတိုင်းတွေ့ကြမှာပါ၊ ဒါဝင်နူနက်ဇ်ရဲ့ အနာဂတ်ကို ဘယ်သူမှ သံသယမရှိတော့ပါဘူး၊ ဂက်ခ်ပိုကလည်း တဦးချင်းလူကပ်ခံထားရပြီး ခက်ခဲတဲ့ဧရိယာထဲမှာတောင် ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဆာလာက ဆာလာပါပဲ၊ အီလီယေ့ာကလည်း ထိပ်တန်းပွဲတပွဲကို ကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားထက်မဆို pressing လုပ်နိုင်ခဲ့တဲ့သူပါ"

"ဟန်ဒိုကလည်း အံ့မခန်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်" လို့ သူ့ကစားသမားတွေကို ကလော့ပ်က တန်းစီချီးကျူးခဲ့ပါတယ်။ မိုဟာမက်ဆာလာကတော့ ဒီပွဲမှာ ၂ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရယူနိုင်တဲ့ ကစားသမားအဖြစ် ရော်ဘီဖောင်လာကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒါကိုလည်း သူက ထပ်မံချီးကျူးခဲ့ပါသေးတယ်။ 


Share

Loading Next Article...
က္က