ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆိုက ဒီရာသီပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အသင်းတိုက်စစ်မှူးလူကာကူက ဆွတ်ခူးလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ လူကာကူကတော့ စနေနေ့က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ဒီရာသီမျာ စုစုပေါင်း ၃ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးကို တကျော့ပြန်ရောက်ရှိလာခဲ့ချိန်မှာ တူချယ်လ်ရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။ တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ရော်နယ်ဒိုပြန်လည်ရောက်ရှိလာခဲ့ပြီး ဟယ်ရီကိန်း၊ မိုဟာမက်ဆာလာတို့လို နာမည်ကျော်တိုက်စစ်မှူးတွေရှိနေပေမယ့် အလွန်ဆိုကတော့ အသင်းဖော်ကို ယုံကြည်မှုအပြည့်အဝရှိနေတာဖြစ်ပါတယ်။
"ရာသီကုန်မှာ ဘာတွေဖြစ်မလဲ ကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့၊ အမှတ်ပေးဖလားကို ရယူနိုင်တဲ့ အသင်းကောင်းအနည်းငယ်ရှိနေတာကို အားလုံးတွေ့မှာပါ၊ သူတို့မှာလည်း ထိပ်တန်းဂိုးသွင်းရှင်တွေရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့လည်း လူကာကူကို ခေါ်ယူခဲ့ပြီးတော့ သူက အသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေနဲ့ ဂိုးတွေအများကြီးကို သွင်းယူပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ အလွန်ဆိုက အသင်းဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။
ချယ်လ်ဆီးကတော့ ဒီနေ့မှာ ချန်ပီယံလိဂ်အုပ်စုအဆင့် ပထမဆုံးပွဲအဖြစ် ရူဘန်ကာဇန်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။