စပါးနဲ့ပွဲမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မရရှိခဲ့တာဟာ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်တို့ကြားမှာ နားလည်မှုလွဲမှားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံတယ်လို့ သတ်မှတ်ခဲ့တာဟာ မှားယွင်းခဲ့တယ်လို့ PGMOL ကလည်း တရားဝင်သတင်းထုတ်ပြန်ကာ ပြောဆိုခဲ့ပြီး ဒိုင်လူကြီးတွေရဲ့ မှားယွင်းမှုလို့လည်း ဝန်ခံခဲ့ပါတယ်။
VAR ဒိုင်လူကြီးဖြစ်တဲ့ ဒါရန့်အင်္ဂလန်က ကွင်းတွင်းမှာ ဒီယက်ဇ်ရဲ့ဂိုးကို ခွင့်ပြုခဲ့တယ်လို့ ထင်မြင်နေခဲ့တာဖြစ်ပါတယ်။ သူကလည်း VAR ကတဆင့် ဂိုး၊မဂိုးဆိုတာကို မြန်မြန်ဆန်ဆန်စစ်ဆေးခဲ့ပြီးနောက် ဂိုးဖြစ်တယ်ဆိုတာကို အတည်ပြုပေးခဲ့တာပါ။
ဒါပေမယ့်လည်း အမှန်တကယ်မှာတော့ ကွင်းလယ်ဒိုင်က လူကျွံဘောသတ်မှတ်ပေးထားတာဖြစ်ပြီး VAR ဒိုင်က "စစ်ဆေးပြီးပြီ၊ မှန်ကန်ပါတယ်"လို့ဆိုခဲ့တာကြောင့် လူကျွံဘောပေးခဲ့တာဖြစ်ပါတယ်။ VAR ဒိုင်လူကြီးဟာ ကွင်းထဲမှာ လူကျွံဘောပေးထားတာကို ဂိုးပေးခဲ့တယ်လို့ ထင်ခဲ့တာကြောင့် မှန်ကန်တယ်လို့ အတည်ပြုပေးခဲ့တာပါ။
လီဗာပူးလ်အတွက်တော့ နစ်နာခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘာကြောင့်မှားယွင်းဆုံးဖြတ်ရလဲဆိုတဲ့ အကြောင်းရင်းထွက်ပေါ်လာချိန်မှာ ပိုပြီးတော့ ရင်နာစရာဖြစ်ခဲ့ရပါတယ်။ ဒီဂိုးမရခဲ့တာကြောင့် ကလော့ပ်လည်း တော်တော်လေးဒေါသထွက်နေခဲ့သလို လီဗာပူးလ်ပရိသတ်တွေလည်း ဒေါသူပုန်ထပြီး အပြင်းအထန်ကို ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
PGMOL ကတော့ စုံစမ်းစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း ရလဒ်ပိုင်းကတော့ ပြင်ဆင်လို့မရတော့ပါဘူး။ လီဗာပူးလ်တို့ အရေးနိမ့်ခဲ့ရပြီးဖြစ်ကာ VAR ကတော့ မေးခွန်းပေါင်းများစွာကို ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။