မူးလာကတော့ ဒီဇင်ဘာလ ရောက်တိုင်း ပျော်ခဲ့ရတဲ့ အမှတ်တရတွေက အခုထိ မေ့လို့မရသေးတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ဒီဇင်ဘာလကတော့ မူးလာရဲ့ မွေးလ ပါတဲ့နော်။
Photo: Moo Ler
မူးလာကတော့ ဒီဇင်ဘာရောက်တိုင်း အဖေနဲ့ အတူတူကုန်ဆုံးခဲ့ရတဲ့ မွေးနေ့အမှတ်တရတွေ အကြောင်း ပြောပြလာပါတယ်။ဖခင်ဖြစ်သူနဲ့ အနေဝေးတဲ့သူဖြစ်တာကြောင့် အဖေ့ကို အလွမ်းပြေတဲ့အချိန်က ဒီဇင်ဘာပဲလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
“ကျွန်တော့်ကို ကျိုင်းတုံမှာ မွေးခဲ့တာ။ ဒါပေမယ့် တစ်နှစ်သားမှာ ကျွန်တော်က ပုသိမ်ကိုပြန်ရောက်လာတယ် ပေါ့။ အပါးကတော့ ကျိုင်းတုံမှာပဲတာဝန်ကျနေတာ။ ကျွန်တော် ၈ တန်း၊ ၉ တန်းလောက်အထိ အပါးနဲ့ အတူတူမနေခဲ့ရဘူး။ ဒါပေမယ့် ကျွန်တော့်မွေးနေ့ ဒီဇင်ဘာရောက်ရင်တော့ အပါး ပြန်လာတယ်။ ပြန်မလာဘူးပြောရင် စိတ်မကောင်းဖြစ်ရတယ်။ ဒါကြောင့် ဒီဇင်ဘာမှာဆို ကျွန်တော့် အတွက်အမှတ်တရ တွေက အရမ်းကို ကြီးမားပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၅ရက်နေ့ညက “ဟေမန်ဆောင်း” သီချင်းများ သီချင်းဆို ပြိုင်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။
Photo: Moo Ler
မူးလာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ မဝင်ခင်ကတည်းက သီချင်းနဲ့ ပတ်သက်ပြီး ရူးသွပ်တဲ့သူတစ်ယောက်ပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာရရှိလာတဲ့ မူးလာ ဖြစ်နေပြီဆိုတဲ့အတွက် ကြိုးစားအားထုတ်မှုတွေ မပြောင်းလဲပါဘူးတဲ့။
“ အရင်က မူးလာနဲ့ အခုမူးလာဆိုရင် အနုပညာအပေါ်ထားတဲ့ ခံယူချက်တွေ၊ ကြိုးစားမှုတွေကတော့ မပြောင်းလဲပါဘူး။ ဒါကလည်း ပိုပြီးတော့ တိုးတက်လာမယ်ဆိုတဲ့ သဘောကိုပြောတာပါ။ ကျန်တဲ့အရာတွေကတော့ ထွေထွေထူးထူးမရှိပါဘူး။ အခုချိန်မှာလည်း ပိုပြီးတော့ တိုးတက်ဖို့ ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။
Photo: Moo Ler
မူးလာကိုတော့ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတကို ဝါသနာပါလွန်းသူဖြစ်တာကြောင့် မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ဂီတလမ်းကြောင်းအပေါ် လျှောက်လှမ်းလာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ မူးလာဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲရဲ့ Top-5 စာရင်းထဲကို ဝင်သွားပါပြီ။ သူ့ရဲ့ Voting နံပတ်ကတော့ 77710 ဖြစ်ပါတယ်။