realme ရဲ့ Upper Mid-Range

နည်းပညာမြင့်ပြီး ဒီဇိုင်းမိတဲ့ အလတ်တန်းဈေးထဲက realme GT Neo 3 ကို တရုတ်မှာ Edition နှစ်မျိုးနဲ့ ကြေညာလိုက်ပါတယ်။ 

Standard Edition နဲ့ 150W UltraDart Charging ဆိုပြီး နှစ်မျိုး ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက 5nm MediaTek Dimensity 8100 Chipset နဲ့လာပြီး 50MP Main Cameras တွေ သုံးထားတာချင်း တူပါတယ်။ ဘက်ထရီနဲ့ Charging ပိုင်းမှာ အပြောင်းအလဲလုပ်ထားပြီး 150W UltraDart ဗားရှင်းကတော့ နာမည်အတိုင်း 150W Charging နည်းပညာနဲ့ လာပါတယ်။ 



ဘက်ထရီပါဝါအနေနဲ့ Standard Edition ဟာ 5000mAh ဘက်ထရီနဲ့ 80W Charging သုံးထားပြီး 150W Edition ကတော့ 4500mAh ဘက်ထရီ ပါဝင်မှာပါ။ 80W Flash Charging မော်ဒယ်ဟာ 5000mAh ဘက်ထရီကို ၃၂ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပြီး 150W Edition ကတော့ 4500mAh ဘက်ထရီကို အား ၅၀% ဝင်ဖို့ ၅ မိနစ်ပဲ အချိန်ယူတယ်လို့ ကြေညာပါတယ်။ မယုံနိုင်အောင် မြန်ဆန်တဲ့ အားသွင်းမှုအတွက် realme ဟာ ဖုန်းထဲကို လျှပ်စီးကြောင်းဝင်မှု မြှင့်ဖို့ Boost Charge Pumps တွေ အများကြီး သုံးထားတယ်လို့ ဆိုပါတယ်။ 


ဘက်ထရီလုံခြုံရေးကာကွယ်စနစ်ပေါင်း ၃၉ မျိုးအထိ ဒီဖုန်းမှာ သုံးပေးထားပြီး အားသွင်းချိန်မှာ ဖုန်းအပူချိန်ကို ၄၃ ဒီဂရီစင်တီဂရိတ်အောက် ထိန်းထားနိုင်ဖို့ အပူချိန်ထိန်းချုပ်ရေး Algorithm တစ်ခုလည်း ပါဝင်ပါတယ်။ အပူစွန့်ထုတ်နိုင်တဲ့ ဧရိယာဟာ ၃၉.၆၀၆ စတုရန်းမီလီမီတာရှိပြီး အအေးပေးခန်း Vapour Chamber VC Cooling ဧရိယာ စတုရန်းမီလီမီတာ ၄.၁၂၉ ပေးထားပါတယ်။ ဘက်ထရီအားသွင်းတဲ့ charging cycles ၁၀၀၀ ပြည့်ပြီးတဲ့နောက်မှာတောင် ဒီဖုန်းဘက်ထရီဟာ စွမ်းဆောင်ရည်ရဲ့ ၈၀% ကို ထိန်းထားနိုင်မယ်လို့ realme က ပြောပါတယ်။ 

realme GT Neo 3 ဟာ လေးထောင့်ဘောင်ဒီဇိုင်းသုံးထားပြီး အနက် ၊ Silverstone ငွေ နဲ့ Le Mans အပြာ ၃ ရောင်နဲ့ လာပါတယ်။ အနက်ရောင်ကတော့ Matte ဆန်ပြီး ကျန်တဲ့ နှစ်ရောင်ဟာ ကျောဘက်ထောင်လိုက်စတုဂံကင်မရာအတိုင်း အနက်နဲ့ အဖြူရောင်လိုင်းနှစ်လိုင်းထောင်လိုက် ပြေးထားပြီး အောက်အနားမှာ realme လိုဂိုထည့်ထားပါတယ်။ 

Screen Size ၆.၇ လက်မဟာ FHD+ AMOLED Display သုံးထားပြီး 120Hz Refresh Rate ပံ့ပိုးထားပါတယ်။ Display ဟာ HDR10+ ထောက်ခံချက်ရထားပြီး ဂိမ်းတွေပေါ်လိုက်ပြီး Frame Rates တွေကို ချောမွေ့အောင် လုပ်ပေးသလို မလိုအပ်တဲ့အချိန်မှာ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးမယ့် သီးသန့် Display Chip တစ်ခုလည်း ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ 



realme GT Neo 3 ဟာ Dolby Atmos စပီကာတွေနဲ့လာပြီး ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်ပါ 50MP Sony IMX766 Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Macro Lens ကင်မရာ ၃ လုံးနဲ့ ထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံ Realme UI 3.0 စနစ် သုံးထားပြီး Standard Edition (6/128GB ) ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၆ သောင်းကျော်) ကနေ စတင် ရောင်းချသွားမယ်လို့ဆိုပါတယ်။ 

RAM 8/128GB Storage ဗားရှင်းကို ၂၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲခန့်) နဲ့ RAM 12/256GB ဗားရှင်းကို ၂၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။ 150W Edition (8/256GB) ဗားရှင်းကို ၂၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ ‌သောင်းကျော်) ကနေ 12/256GB ဗားရှင်းကို ၂၇၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က