ဒီနေ့မှာ လက်မှတ်ထိုးလိုက်ပါပြီ။

အဆိုတော် ထိုက်ထိုက်ကတော့ ဒီနေ့မှာ သူမရဲ့ ချစ်သူအတူ ရွှေလက်တွဲခဲ့ပါပြီ။ ချစ်သူသက်တမ်း(၃)နှစ်ကျော်တဲ့ အချိန်မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

 

Photo : ထိုက်ထိုက်

အဆိုတော် ထိုက်ထိုက်က ဒီနေ့(ဇွန်လ၆ရက်)မှာ ချစ်သူနဲ့အတူ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလမှာ မင်္ဂလာပွဲလုပ်ဖို့ စီစဥ်ထားပေမယ့် Covid-19 ကြောင့် မင်္ဂလာပွဲကို ရွှေ့လိုက်ပြီး ဒီနေ့မှာ လက်မှတ်ရေးထိုးဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ဒီနေ့လေးမှာ လက်မှတ်ရေးထိုးဖြစ်တာက အစောပိုင်းက နိုဝင်ဘာမှာ မင်္ဂလာဆောင်ဖို့ စီစဥ်ထားတာ ဒါပေမမယ့် ကိုဗစ်ဖြစ်သွားတော့ အဲဒီရက်ကို မင်္ဂလာဆောင်ဖို့ မသေချာတော့ဘူး။မသေချာတဲ့ဟာကို ‌စောင့်နေမယ့်အစား သေချာတာကို အရင်လုပ်လိုက်မယ်ဆိုပြီး ဒီနေ့မှာလက်မှတ်ရေးထိုးလိုက်တာကိုယ်တွေက မိဘချင်းလည်း ရင်းနှီးပြီးသားဆိုတော့ ဘာမှ မလိုတော့ဘူးပေ့ါနော် ကိုဗစ်ကလည်း ဘယ်အချိန်ပြီးမလဲမသိတော့ သေချာတဲ့ အချိန်တစ်ခုမှာ လက်မှတ်ထိုးလိုက်တာပါ။ဒီနေ့လေးက မှတ်ရလွယ်လို့ ဒီနေ့လေးမှာလက်မှတ်ထိုးလိုက်တာ” လို့ သူမက Duwun ကို ပြောပါတယ်။


Photo : ထိုက်ထိုက်

သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းကတော့ (၃)နှစ်ကျော် (၄)နှစ်ထဲကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။ နှစ်ယောက်စလုံးဟာ ပရဟိတကိုဝါသနာပါသူတွေဖြစ်သလို စိတ်တူကိုယ်တူတွေ ဖြစ်တာကြောင့် သူမဆိုထားတဲ့ “လက်တွဲဖော်စစ်” သီချင်းလေးအတိုင်း တကယ့် လက်တွဲ‌ဖော်ကို ရှာတွေ့ခဲ့ပြီလို့ ထိုက်ထိုက်က ပြောပါတယ်။

နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဥ်ထားတဲ့ မင်္ဂလာပွဲကိုလည်း ဒီဇင်ဘာလကိုပြောင်းလိုက်ပြီလို့ ထိုက်ထိုက်က ဆက်လက်ပြောပြလာပါတယ်။

“မင်္ဂလာပွဲကကျတော့ ထိုက်ထိုက်ရဲ့ မွေးနေ့မှာ လုပ်ဖြစ်မယ် ထင်တယ် ဒီဇင်ဘာ(၁၃)မှာ မင်္ဂလာပွဲ လုပ်ဖြစ်မယ်ထင်တယ်။ အစောပိုင်းက မှန်းထားတာ နိုဝင်ဘာလို့ မှန်းထားတာ ။ ကိုဗစ်ဖြစ်တော့ နောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့ ဒီဇင်ဘာလောက်မှ လူတွေလည်း နေသားကျမယ်လို့ ထင်ပါတယ်။ ထုတ်ပြန်ချက်တွေကလည်း ဘယ်လိုလာဦးမယ်မသိတော့ အဲ့လောက်နောက် ဆုတ်ထားတဲ့ သဘောပါ” လို့ သူမက ဆိုပါတယ်။



Photo : ထိုက်ထိုက်

အဆိုတော် ထိုက်ထိုက်ဟာ “Me N Ma Girls” အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပါတယ်။ သူမဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ ပရိသတ်တွေ အားပေးမှုရရှိလာခဲ့ပြီး “Oh My God” နဲ့ “ချစ်တယ်” တကိုယ်တော်တေးစီးရီး ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ထိုက်ထိုက်ဟာ ယခုလက်ရှိမှာ Future of childrenဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကို တည်ထောင်ပြီး မိဘမဲ့ကလေးငယ်တွေ ၊ မသန်မစွမ်းကလေးတွေ ၊ မျက်မမြင်ကလေးတွေ နဲ့ HIVကူးစက်ခံနေရတဲ့ကလေးတွေ ကို လစဥ်လှူဒါန်းပေးနေသလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုပေးနေတာ တွေ့ရပါတယ်။

 

Share

Loading Next Article...
က္က