In partnership with  logo
နောက်နှစ်တစ်နှစ်မှာ အလေအလွင့်နည်းနည်းနဲ့ အကျိုးရှိအောင်လို့ ဒီဇင်ဘာမှာ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

တစ်နှစ်တာကတော့ ဒီလကုန်ဆုံးပြီဆိုရင် ပြီးဆုံးသွားတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အရင်နှစ်တွေတုန်းကလို အချိန်တွေ ဒီလိုပဲ ကုန်ဆုံးသွားခဲ့ရလို့ စိတ်ညစ်နေပြီဆိုရင် ဒီတစ်နှစ်အတွက်တော့ ထားလိုက်ပါတော့ ။ နောင်လာမယ့်နှစ်မှာ ဒီလို ဘာမှမဟုတ်ဘဲ ရက်တွေ ၊ လတွေ မကုန်ဆုံးသွားရအောင်လို့ ဒီ ဒီဇင်ဘာလမှာ ပြင်ဆင်ထားကြရအောင်ပါ။

တစ်နေ့တစ်နာရီ မီတင်ထိုင်ပါ

ရုံးမှာ လုပ်ငန်းအတွက် ပရော့ဂျက်အတွက် မီတင်ထိုင်သလို ကိုယ့်အတွက်လည်း ကိုယ် တစ်နေ့တစ်နာရီ မီတင်ထိုင်ဖို့ ပြင်ဆင်ပါ။ ကိုယ့်ရဲ့ တစ်နှစ်တာအတွင်း ဖြစ်ချင်တာက ဘာလဲ၊ လုပ်ချင်တာက ဘာလဲ ဆိုတာတွေကို အရင် PLAN ဆွဲပါ။ ပြီးရင်တော့ တစ်ရက်ချင်းစီမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် အဆိုင်းချပါ။ ဒီလို ကိုယ့်အတွက်ကိုယ် မီတင်ထိုင်တဲ့ အကျင့်လေးကို ဒီဇင်ဘာကနေ စတင်ပြီး လုပ်ရမှာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေကို မေးခွန်းထုတ်ပါ

လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ အမှန်လို့ ထင်မြင်ယူဆကြတာချည်းပါပဲ။ တစ်ခါတလေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်သဘောထားမတိုက်ဆိုင်လို့ ငြင်းခုန်မိတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။ အလုပ်ကို Professional ကျကျ လုပ်ကိုင်ကြတဲ့သူတွေချည်းမို့ အသေးအမွှားလေးတွေကို သိပ်ပြီး အာရုံမစိုက်ကြသော်ငြားလည်း စိတ်ထဲ အဖုအထစ်ရှိနေတာတွေတော့ ဖြစ်နေနိုင်ပါတယ်။ နှစ်ကုန်တော့မယ်ဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေကို ငါ့ကို အရိုးသားဆုံးဖြေပါ…ငါ့ကို ဘယ်လိုမြင်သလဲ၊ ငါနဲ့ အလုပ်တွဲလုပ်ရတာ အဆင်ပြေသလားလို့ မေးလိုက်ပါ။ အစိုင်အခဲရှိနေရင် ၊ မကျေနပ်တာလေးတွေ ရှိနေရင် ထုတ်ပြောလာပါလိမ့်မယ်။ ကိုယ်မနှစ်မြို့တဲ့ စကားတွေဆိုလည်း လက်သင့်ခံနားထောင်ပြီး စိတ်ထဲ ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဒါဟာ နောင်နှစ်အတွက် ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ရလာနိုင်တဲ့ အချက်ပါပဲ။

ကိုယ့်အတွက် မလိုအပ်တဲ့အရာတွေကို ဖယ်ထုတ်ပါ

နှစ်တစ်နှစ်ကို ဘာမှန်းမသိဘဲ ကျော်ဖြတ်ခဲ့ရတယ်ဆိုရင် အရေးမပါတဲ့ အရာတွေနဲ့ အချိန်ဖြုန်းနေခဲ့တာ သေချာပါတယ်။ နောက်တစ်နှစ်မှာလည်း ဘာမှန်းမသိဘဲ အချိန်တွေကုန်ဆုံးသွားမယ်ဆိုရင်တော့ ကိုယ်ဟာ လုပ်ချင်တာ လုပ်သင့်တာတွေ မလုပ်လိုက်ရဘဲ တစ်စတစ်စနဲ့ အသက်သာကြီးသွားနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်အတွက် အရေးမပါတာတွေက ဘာတွေလဲ ၊ ကိုယ့်အတွက် မလိုအပ်တာတွေက ဘာတွေလဲ ၊ ကိုယ့်အတွက် အရှုပ်ထုပ်တွေကို ဆိုတာကို ချရေးလိုက်ပါ။ ပြီးရင်တော့ နောက်တစ်နှစ်မှာ ကိုယ်ရှောင်ရမယ့်အရာတွေကို တတ်နိုင်သမျှရှောင်ရှားမယ်ဆိုရင် နောင်လာမယ့်နှစ်သစ်ဟာ အကျိုးရှိတဲ့ နှစ်သစ်ဖြစ်သွားပါလိမ့်မယ်။

တစ်လချင်းစီအတွက် ပန်းတိုင်သတ်မှတ်ပါ

ကိုယ့်အတွက် တစ်လချင်းစီအတွက် ပန်းတိုင်သေးသေးလေးတွေ ထားရှိပါ။ ကိုယ်ထားတဲ့ ပန်းတိုင်တွေကလည်း ကိုယ့်ရည်မှန်းချက်တွေဆီရောက်အောင်သွားမယ့် ပန်းတိုင်သေးသေးလေးတွေ ဖြစ်နေဖို့ လိုပါတယ်။ ဒီဇင်ဘာလမှာ နှစ်စ ကနေ နှစ်ဆုံးထိ ၁၂လတာအတွင်း ကိုယ့်ရဲ့ပန်းတိုင်သေးသေးလေးတွေက ဘာဖြစ်မလဲဆိုတာကို သတ်သတ်မှတ်မှတ်ထားရှိပြီး အဲဒီပန်းတိုင်လေးတွေ တကယ်ဖြစ်လာဖို့လည်း မနားမနေ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေဖို့ လိုအပ်ပါတယ်။ 

NMDC TV ရဲ့ Production Chief တစ်ဦးဖြစ်တဲ့ မနှင်းဝတ်ရည်ကိုကလည်း ဒီဇင်ဘာလအတွင်း မလုပ်မဖြစ်လုပ်မယ့် အရာတွေကို Duwun ကို ပြောပြပါတယ်။

“ဒီဇင်ဘာလမှာ လုပ်မယ့်အရာတွေကတော့ ၂၀၂၀အတွက် ဦးတည်တာပေါ့။ ၂၀၂၀ မှာ goal ချမယ့်အရာတွေကတော့ Journalism ဘွဲ့ကို ပြီးအောင် ယူပါမယ်။ Qualified လည်း ပါချင်ပါတယ်။ အဲဒီတော့ စာသေချာလုပ်ပါမယ်။ ပြီးတော့ ကျောင်းလည်း ပြီးပြီဆိုတော့ Journalism နဲ့ ပတ်သက်တဲ့ စီးပွားရေးလေးတစ်ခု လုပ်ချင်ပါတယ်။ Journalism လိုမျိုး ၊ သတင်းနဲ့ မီဒီယာ နားလည်မှုဆိုင်ရာ ပညာတွေကို ရှယ်ပေးချင်ပါတယ်။ မီဒီယာအဖွဲ့လေးလည်း ကိုယ့်ဘာသာကိုယ် လုပ်ဖို့ရှိပါတယ်။ ဒီဇင်ဘာမှာတော့ ပိတ်ရက်မှာ ခရီးတွေထွက်မယ်၊ နောက်ပြီး ၂၀၂၀ အတွက် Plan ဆွဲဖို့တွေ ရှိပါတယ်။



ကိုယ်တက်ချင်တဲ့ သင်တန်းတွေ စာရင်းပြုစုပါ

ဒီဘက်ခေတ်မှာ လူတိုင်းက သင်တန်းတွေ ၊ Diploma တွေ တက်ရင်း ကိုယ့်ရဲ့ Level ကို အမြင့်ရောက်အောင် ဆွဲတင်နေကြရတာပါ။ ကိုယ်တက်ချင်တဲ့ သင်တန်းတွေကို ဒီနှစ်မှာ မတက်ခဲ့ရဘူးဆိုရင် နောက်လာမယ့်နှစ်မှာ တက်ရောက်နိုင်ဖို့ ခုကတည်းက ပြင်ဆင်ရပါမယ်။ ကိုယ့်ရဲ့ အားလပ်ရက် ၊ အားလပ်ချိန်က ဘယ်တော့လဲ၊ ကိုယ်ဘယ်သင်တန်းတွေ တက်ချင်တာလဲ ဆိုတာတွေကို ခုကတည်းက စာရင်းလုပ်ပြီး Plan ဆွဲရင်း တကယ်လည်း တကယ်တက်ဖြစ်အောင် ကြိုးစားပါ။

ဒီလ ဒီဇင်ဘာမှာ ဘာတွေလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအတွက် Motivation ပေးတဲ့ စကားလေးတွေ ပြောပေးနေတဲ့ Life Coach မနန်းအိအိမွန်က စကားလက်ဆောင်လေးကို Duwun က တစ်ဆင့် ခုလို ပြောသွားပါတယ်။

"တစ်နှစ်လုံးစာရော၊ တစ်ဘဝလုံးစာရောပြောရမယ်ဆိုရင် "ရည်မှန်းချက်ထားပါ" လို့ အမျိုးသမီးတိုင်းကို တိုက်တွန်းချင်တယ်။ ဘယ်အသက်အရွယ်ကိုရောက်နေပါစေ၊ ဘယ်နေရာ၊ ဘယ်ဘဝအခြေအနေမျိုးကိုပဲ ရောက်နေပါစေ…ကိုယ့်အတွက် ရည်မှန်းချက်လေးထားပါ။ ကြီးတာ သေးတာ အဓိကမဟုတ်ဘဲ ကိုယ်တကယ်ဖြစ်ချင်တဲ့အရာကို ကိုယ့်စိတ်နေသဘောထားအမှန်နဲ့ ရှာဖွေပြီးရည်မှန်းချက်ကလေးအဖြစ်ထားကြည့်ပါ။ ဘာဖြစ်လို့ ကိုယ့်အတွက်ထားဖို့ပြောတာလဲဆိုတော့ ကျွန်မတို့အမျိုးသမီးတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ ကျွန်မတို့ရဲ့ဘဝကို ရှေ့ကနေ၊ ဘေးကနေ၊ နောက်ကနေ နည်းအမျိုးမျိုးနဲ့ လွှမ်းမိုးချင်တဲ့သူတွေ/ လွှမ်းမိုးနိုင်ကြသူတွေ အများကြီးရှိတယ်။ သူတို့တွေရဲ့ သဘောထားမှန်ချင်မှန်နိုင်ပေမယ့် ကိုယ့်အကြောင်းကိုယ်ကိုယ်တိုင်က အသိဆုံးဖြစ်လို့ ကိုယ်တိုင်ကလည်း ကိုယ့်ရွေးချယ်မှုမှာ တိုက်ရိုက်လွှမ်းမိုးနိုင်သူဖြစ်ဖို့လိုတယ်။ ဘာကြောင့်ဒါက အရမ်းအရေးကြီးလဲဆိုတော့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်ပုံဖော်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပြီးနေနိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အဲ့ဒီစိတ်အားထက်သန်မှု၊ စိတ်လွှတ်လပ်မှု၊ အဓိပ္ပါယ်ရှိမှုတွေကရတဲ့ ပျော်ရွှင်မှုလောက် တော်ရုံဘယ်ပျော်ရွှင်မှုမျိုးက အစားမထိုးနိုင်ဘူး။ တစ်သက်မှာ တစ်ခါလောက်တော့ ဒီခံစားချက်မျိုးကို အမျိုးသမီးတိုင်းကိုယ်တိုင်ခံစားနိုင်စေချင်တယ်" 

နှစ်သစ်ကို စိတ်ရှင်းရှင်းနဲ့ စတင်ပါ



အထက်ကပြောထားသမျှတွေကို သေချာလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ နှစ်သစ်က အဖွင့်လှနေပါပြီ။ အရေးကြီးတာက ကိုယ့်ရဲ့ စိတ်ကလေး ရှင်းနေဖို့လိုတာပါ။ ဟိုအရင်ခေတ်က လူကြီးတွေကတော့ ဒီဇင်ဘာလထဲမှာ အိမ်ရှင်းတာ ၊ အိမ်ထောင်ပရိဘောဂတွေအသစ်လဲတာမျိုးတွေပါ လုပ်တတ်ကြပါတယ်။ ကိုယ်က အဲဒီလောက်ထိ လိုက်လုပ်နေဖို့ မလွယ်ကူဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ ဖုန်းထဲက မလိုအပ်တဲ့အရာတွေ ဖျက်ပစ်တာမျိုး ၊ ကွန်ပျူတာထဲက မလိုတော့တဲ့အရာတွေ ဖျက်ပစ်တာမျိုး ၊ ကိုယ့်အိပ်ခန်းကို ရှင်းလင်းတာမျိုး နဲ့ ကိုယ့်အလုပ်စားပွဲကို ရှင်းလင်းတာမျိုးတော့ လုပ်လိုက်ပါ။ ဒီလို ရှုပ်နေတာတွေ ရှင်းလိုက်တာက ကိုယ့်ရဲ့ စိတ်ကို ရှင်းလင်းသွားစေနိုင်ပါတယ်။

 ကဲ….ဒီအချက်ကလေးတွေကို ဒီလ ဒီဇင်ဘာလမှာ လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ…အချိန်တွေကို အလဟဿ မဖြန်းတီးပစ်ဘဲနဲ့ အကျိုးရှိရှိ နောက်တစ်နှစ်ကို ဖြတ်သန်းကြရအောင်ပါ။  

Share

Loading Next Article...
က္က