အာဆင်နယ်ကတော့ ၂ ပွဲဆက်တိုက် ပြန်အရေးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နောက်ကျပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အဲဗာတန်နဲ့ အာဆင်နယ်ပွဲမှာတော့ ရာထူးကပါ ထုတ်ပယ်ခံရလုနီးပါးဖြစ်နေတဲ့ ဘင်နီတက်ဇ်တယောက် ကံကောင်းသွားခဲ့ပါတယ်။ အိုဒီဂတ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ အာဆင်နယ်ဟာ ပွဲကစားချိန် နောက်ဆုံး၁၂ မိနစ်အတွင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး အဝေးကွင်းမှာ အရေးနိမ့်သွားခဲ့ရပါတယ်။ 

ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက် အာဆင်နယ်အတွက် ၂ ပွဲဆက်တိုက် ပြန်အရေးနိမ့်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေက ပြီးဆုံးသွားပြီလားထင်မှတ်ရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာပွဲကျပ်ကာလရောက်တိုင်းမှာ ရုန်းကန်ရပြီး ရလဒ်တွေဆိုးရွားတဲ့ အလေ့အထကို အာတီတာလက်ထက်မှာလည်း ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးဆိုတာလည်း ထင်ရှားလာခဲ့ပါတယ်။ 

ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ရစ်ချာလီဆန်တယောက် ၃ ဂိုးအထိ သွင်းခဲ့ပေမယ့် VAR ကြောင့် ၁ ဂိုးတည်းသာရရှိခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်အရ အာဆင်နယ်ကအသာရခဲ့ပေမယ့် ကြမ်းကြမ်းတမ်းတမ်းနဲ့ အတင်းဝင်၊ အတင်းထွက်ကစားခဲ့တဲ့ အဲဗာတန်ကြောင့် ပွဲချိန်နောက်ပိုင်းတွေမှာ အာဆင်နယ်တို့ တော်တော်လေးအခက်တွေ့ခဲ့ရပါတယ်။ 

ဂရေးရဲ့ လှပတဲ့ အဝေးကန်သွင်းချက် ၂ ကြိမ်ကနေ အဲဗာတန်တို့ ၂ ဂိုးရခဲ့တာပါ။ ပထမတကြိမ်ကန်သွင်းချက်က တိုင်ထိပြီးထွက်ခဲ့ပေမယ့် ရစ်ချာလီဆန်က ခေါင်းတိုက်ကာ ပိတ်သွင်းယူခဲ့ပြီး နောက်တစ်ကြိမ်ကန်သွင်းချက်ကတော့ ဂိုးထောင့်ကို တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့ပြီး နာကျင်အချိန်ပို အဖိုးတန်သွင်းဂိုးနဲ့ အဲဗာတန်တို့ နိုင်ပွဲပြန်ရသွားခဲ့ပါတယ်။ 


၂-၁ နဲ့ ပွဲပြီးဆုံးခဲ့ပြီး အာဆင်နယ်တို့ အဆင့် ၇ နေရာအထိ ပြန်ရောက်သွားခဲ့ကာ အဲဗာတန်ကတော့ အဆင့် ၁၈ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။ 

Share

က္က