မြန်မာငွေ ၂ သိန်း ဝန်းကျင်တန် Realme 3 ကတော့ နောက်ဆုံးထွက် ဘက်ဂျက်ဖုန်းဈေးကွက်အတွက် စိန်ခေါ်ချက်တစ်ခု ဖြစ်လာတော့မှာပါ။
Photo: The Verge
ဈေးကွက်ထဲ ရောက်ပြီး တစ်နှစ်အတွင်း Realme ဟာ အိန္ဒိယရဲ့ ရောင်းအားအကောင်းဆုံး ဖုန်း brand တစ်ခု ဖြစ်ခဲ့ပြီး ၂၀၁၈ နောက်ဆုံး သုံးလပတ်မှာ အိန္ဒိယရဲ့ စတုတ္ထရောင်းအားအကောင်းဆုံးဖုန်းအမှတ်တံဆိပ်ဖြစ်လာခဲ့တယ်လို့IDC အချက်အလက်များမှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး Realme ဖုန်းအနေနဲ့ထွက်လာတာကတော့ Realme 3 ပါပဲ။
Realme 3 ဟာ မျက်နှာပြင်အကြီးစားနဲ့ဘက်ထရီပါဝါကောင်းတဲ့ Realme brand အစဉ်အလာကို ဆက်ထိန်းထားတဲ့ ဖုန်းဖြစ်ပြီး ၆.၂၂ လက်မ LCD screen ဟာ waterdrop notch ကြောင့် မှန်ပြင်နေရာယူမှုမှာ အတော်လေးများလာပါတယ်။ ဖုန်းဒီဇိုင်းမှာ OPPO ၊ Vivo တို့နဲ့တစ်ကုမ္ပဏီတည်းဖြစ်တဲ့ OnePlus 6T နဲ့အတော်လေးဆင်တာကြောင့် ဒီဇိုင်းပိုင်းအရ Realme 3 မှာ အပြစ်ဆိုစရာမရှိပါဘူး။
ကွေးညွတ်ထားတဲ့ ဖုန်းကိုယ်ထည်ရဲ့ ကျောဘက်မှာ ထောင်လိုက် dual camera အတွဲအစပ်နဲ့fingerprint scanner အထားအသိုက premium ဖုန်းတွေဒီဇိုင်းမျိုးနဲ့လာတာ ဖြစ်ပါတယ်။ Realme 3 မှာ သုံးထားတဲ့ processor ဟာ Helio P70 processor ဖြစ်လို့တန်ဖိုးသင့်ဖုန်းတစ်လုံးအတွက် အလိုက်ဖက်ဆုံး processor လို့ဆိုနိုင်ပြီး 4230 mAh ဘက်ထရီကလည်း၆.၂၂ လက်မ ဖုန်းတစ်လုံးအတွက် အကောင်းဆုံး ပါဝါပေးနိုင်မယ့် ဘက်ထရီ ဖြစ်ပါတယ်။
Photo: Android Authority
fast charging စနစ် မပါသေးတာနဲ့USB Type C မသုံးသေးတာကလွဲရင် ကျေနပ်စရာ ဘက်ထရီပါဝါ ပါရှိပြီး ကင်မရာပိုင်းမှာ စိတ်ဝင်စားစရာ feature သစ်တွေ ထည့်ထားပါတယ်။ ကျောဘက် 13MP နဲ့2MP ကင်မရာနှစ်လုံးမှာ AI နည်းပညာပါတဲ့ NightScape နဲ့Chroma Boost လို ဆော့ဖ်ဝဲလ်ပိုင်းဆန်းသစ်မှုတွေ ထည့်သွင်းလာပါတယ်။ NightScape ဟာ ညမြင်ကွင်းလိုမျိုး အလင်းအားနည်းချိန် ရိုက်ချက်တွေအတွက် ပံ့ပိုးချက်တွေ ပါပြီး Chroma Boost ကတော့ ပုံမှာ ကာလာစပ်တာ အပြင် နောက်ခံ အလင်းနဲ့ပုံဖောက်တာတွေ ပါဝင်လာပါတယ်။
ရှေ့ဘက်မှာတော့ 13MP ကင်မရာ ၊ RAM 3GB နဲ့4GB ဗားရှင်းနှစ်မျိုးအပြင် microSD card ကနေ 256GB အထိ ထပ်တိုးနိုင်မယ့် onboard storage အဖြစ် 32GB နဲ့64GB တို့ပါဝင်လာပါတယ်။ UI ပိုင်းမှာ OPPO ရဲ့ ColorOS 6.0 ထည့်သွင်းထားတဲ့ Android 9 Pie နဲ့လာပြီး Dynamic Black ၊ Radiant Blue နဲ့Black ကာလာ ၃ ရောင်နဲ့ထွက်ရှိထားပါတယ်။
Realme 3 ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 3GB/32GB storage ဟာ အိန္ဒိယဈေးကွက်မှာ ၈၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းနီးပါး) နဲ့RAM 4GB/64GB မော်ဒယ်ကို ၁၀၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၄ သောင်းနီးပါး) ဈေးနဲ့မတ်လ ၁၂ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။