လူတစ်ယောက်အတွက်တော့ ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ထပ်တူကျပြီး အဲ့ဒီအလုပ်လုပ်တိုင်း ပျော်ရွှင်မှုဆိုတဲ့အရာကို ခံစားနေရဖို့ အရေးကြီးတယ်ဆိုတာ အထူးပြောစရာတောင်လိုမယ်မထင်ပါဘူး။ အလုပ်မှာ အောင်မြင်နေကြတဲ့သူ တော်တော်များများကိုကြည့်ရင်လည်း သူတို့တွေဟာ အလုပ်ကို ချစ်မြတ်နိုးကြသလို၊ အလုပ်လုပ်နေကြရတဲ့အချိန်မှာတောင် အလုပ်လုပ်နေမှန်း မေ့သွားရအောင်အထိ စျာန်ဝင်စားမှုတွေ ရှိနေတတ်ကြပါတယ်။ အဲ့ဒီလိုကိုယ်ချစ်တဲ့ အလုပ်လုပ်နေရရင် ထမင်းမေ့၊ ဟင်းမေ့နဲ့ ပျော်နေတတ်တဲ့သူတွေထဲ မိတ္ထီလာမြို့က ချည်ထည်အိတ်ဖန်တီးသူ မရည်ခိုင်အေးက ထိပ်ဆုံးက ပါမယ်ထင်ပါတယ်။ချည်ထည်တွေမှာမှ ကချင်ချည်ထည်တွေ၊ ပြည်တွင်းဖြစ် ချည်ထည်တွေနဲ့အိတ်လေးတွေ ချုပ်လာခဲ့တာ ၂နှစ်ရှိပြီဖြစ်တဲ့ မရည်ခိုင်အေးဟာ ချည်အိတ်လေးတွေကို သဘောကျတဲ့စိတ်နဲ့ပဲ ကိုယ်တိုင်အိတ်လေးတွေ စတင်ဒီဇိုင်းထုတ်ချုပ်လုပ်ခဲ့သူပါ။
“ပထမဆုံးချုပ်ဖြစ်ခဲ့တာကတော့ ဂျင်းအိတ်လေးပါ။ ကိုယ်တိုင် အိတ်လေးကိုချုပ်ပြီးသွားတော့ အရမ်းပျော် တယ်။ ကိုယ်ချုပ်ထားတာလေးကို ကြည့်လို့မဝဘူး။ ချုပ်ပြီးပြီးချင်း မိသားစုတွေကိုရော၊ သူငယ်ချင်းတွေကိုပါ ပြဖြစ်ပါတယ်။ ပထမဆုံး ကိုယ့်လက်ရာလေးကို သဘောကျကြလို့ သူများတွေကပါ ချုပ်ပေးဖို့ တောင်းဆို လာတာနဲ့ စပြီးချုပ်ပေးရင်း အခုလိုချည်ထည်အိတ်လေးတွေ ချုပ်ဖြစ်သွားခဲ့တာပါ” လို့ သူမက အိတ်လေးတွေ ချုပ်ဖြစ်သွားပုံလေးကို ပြောပြပေးသွားပါတယ်။
သူမဟာ အိတ်လေးတွေ အော်ဒါစလက်ခံပြီး ချုပ်ပေးဖြစ်နေတဲ့အချိန် တစ်ဖက်ကလည်း ကိုယ်မသိတာတွေကို ကြိုးစားလေ့လာရင်းနဲ့ လက်ရာကိုတဖြည်းဖြည်းသေသပ်လှပလာအောင် ကြိုးစားဖြစ်လာခဲ့ပါတယ်။ အိတ်တစ်လုံးချုပ်တော့မယ်ဆိုရင် ဘာတွေအဆင့်ဆင့်လုပ်ဆောင်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ပထမဆုံးကတော့ အိတ်ရဲ့pattern ပိုင်းပေါ့။ လိုချင်တဲ့ပုံထွက်အောင် pattern အရင်ဆွဲရပါတယ်။ အိတ်တွေရဲ့ သဘောက pattern တစ်လက်မလောက် ကွာရုံနဲ့လည်း အိတ်ထွက်ပုံစံကွာသွားတာမို့လို့ ကိုယ်လိုချင်တဲ့အတိုင်း ထွက်လာဖို့ဆိုရင် pattern ကိုသေချာအရင်ဆွဲပြီး မှ ချုပ်ရပါတယ်။ နောက် အိတ်လှလှလေး တစ်လုံးဖြစ်လာဖို့ အလိုအပ်ဆုံးကတော့ ၀ါသနာနဲ့စေတနာပါ။ အိတ်တစ်လုံးပြီးဖို့ အချိန်ကတော့ ကိုယ်ချုပ်မယ့်အိတ်ဒီဇိုင်းပေါ် မူတည်ပါတယ်။ အိတ်တစ်လုံး အစအဆုံး လက်စသတ်ပြီးဖို့ ၅ နာရီ ဝန်းကျင်လောက်တော့ ကြာတတ်ပါတယ်”တဲ့။
အိတ်ဒီဇိုင်းလေးတွေဆန်းသစ်ပြီး ဒီအိတ်ကိုလွယ်တဲ့သူတိုင်း စိတ်ကျေနပ်မှု၊ စိတ်ပျော်ရွှင်မှု ခံစားရစေဖို့အတွက် အမြဲစေတနာထားပြီး ချုပ်တတ်တဲ့ သူမအတွက်တော့ ဝယ်သူတွေဆီကနေ ပြန်ကြားရတဲ့ feedback တွေက အမြဲအားရကျေနပ်စရာကောင်းခဲ့ပါတယ်။ ဘယ်နေရာကဘာလိုနေတယ်ဆိုတဲ့ complain မျိုး အိတ်ချုပ်တဲ့သက်တမ်းတစ်လျှောက် ပြန်ကြားရတာမျိုးမရှိခဲ့သလို အိတ်လေးတွေကို ပေးရတဲ့စျေးနဲ့တန်ပြီး သပ်ရပ်လွန်းတာမို့ ထပ်မှာကြတာမျိုးသာ ကြုံခဲ့ရသူပါ။
အိတ်ဒီဇိုင်းနဲ့ပတ်သက်ပြီး သူမချုပ်လုပ်ပေးတဲ့ ဒီဇိုင်းတွေက တကယ်ကိုစုံလင်လှပါတယ်။ ကလေးတွေ လွယ်တဲ့ ကျောပိုးအိတ်ကနေစပြီး လက်ကိုင်အိတ်၊ ဘေးလွယ်အိတ်၊ လက်ပွေ့အိတ်၊ Cross Body bag လေးတွေ၊ Tote bag တွေလို အိတ်အကြီးကြီးတွေအထိ ရိုးရာချည်ထည်တွေ၊ ဂျင်းသား၊ ကော်တွန်စတာတွေနဲ့ ချုပ်လုပ်ထားပြီး ဖန်တီးမှုလက်ရာကလည်း အတော်သေသပ်လွန်းတာပါ။ ကိုယ့်စိတ်ကြိုက် အိတ်ပုံလေးတွေပြပြီး အပ်တဲ့သူတွေ၊ ကိုယ့်စိတ်ကြိုက် ပိတ်စပေးပြီး အပ်တဲ့သူတွေကိုလည်း သူမက customer တွေ စိတ်တိုင်းကျဖန်တီး ချုပ်လုပ်ပေးတတ်သေးပါတယ်။
“တစ်ခါတလေ အကျီနဲ့အိတ်ဆင်တူကိုင်ချင်လို့ဆိုပြီး ပိတ်စလေးတွေပေးပြီး ချုပ်ခိုင်းတာမျိုးလေးတွေ ရှိတယ်။ နောက် အိတ်ကိုမှ Set တစ်ခုစာ ပိုက်ဆံအိတ်အသေးလေးကနေ Tote bag လိုအကြီးကြီးထိ လေးမျိုးလောက် ကို ချည်ထည်စတစ်ခုတည်းနဲ့ ချုပ်ပေးရတာမျိုးတွေလည်း ရှိပါတယ်။ အိတ်ပုံစံကို သူတို့လိုချင်တာက ဘယ်လိုဒီဇိုင်းဆိုပြီး ပြောအပ်တာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းထုတ်ပြီး ချုပ်တဲ့ အိတ်ဒီဇိုင်းတွေ ကိုကျတော့ တစ်လကို ဘယ်နှစ်မျိုးအသစ်ရယ်လို့ သတ်မှတ်မထားပါဘူး။ စိတ်ကူးစိတ်သန်း ပေါ်လာရင် ပေါ်လာသလို စိတ်ထဲရှိတဲ့အတိုင်းကို ချုပ်ပါတယ်။ ဒါပေမယ့် ကိုယ်ချုပ်မယ့် အသားနဲ့ ချုပ်ချင်တဲ့ပုံစံ လိုက်ဖက်မှုရှိမရှိကိုတော့ အရင်ဆုံးသေချာလေး စဉ်းစားရပါတယ်” တဲ့။
မိတ္ထီလာမှာ သူမလို အိတ်ဒီဇိုင်းဖန်တီးချုပ်လုပ်တဲ့သူ တခြားမရှိတာမို့ အိတ်ချုပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီး သူမအတွက် အခက်အခဲကတော့ ကုန်ကြမ်းပစ္စည်းတွေဝယ်ရတာ ခက်ခဲတဲ့အပိုင်းလို့ ဆိုပါတယ်။ အိတ်ပေါင်းများစွာကို ချုပ်လုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ ကိုယ့်ဘာသာကိုယ် ဘာတွေလိုအပ်ချက် ရှိသလဲဆိုတာကို ပိုပြီးမြင်တတ်လာတဲ့အပြင် အိတ်ပညာရှင်တွေ ချုပ်လိုက်တဲ့ လက်ရာတိုင်းကိုလည်း သေချာလေး လေ့လာဖြစ်လာတယ်လို့ ဖွင့်ဟသွားပါတယ်။
၀ါသနာနဲ့ထပ်တူကျတဲ့အလုပ်လေးကို လုပ်နေရသူမို့ အိတ်တစ်အိတ်ချုပ်ရတော့မယ်ဆိုတိုင်း စိတ်ကအမြဲတက်ကြွနေတတ်ပြီး နောက်ထပ်ပီတိဖြစ်ရတဲ့အပိုင်းကတော့
“ကိုယ့်လက်ရာလေးတွေ၊ ကိုယ်ဖန်တီးထားတာလေးတွေကို သူများတွေက သဘောကျနှစ်သက်တဲ့အခါ အရမ်းကိုကျေနပ်ပီတိဖြစ်ရပါတယ်။ ကိုယ့် အိတ်လေးတွေကို အမြတ်တနိုးသုံးတဲ့သူတွေရဲ့ အားပေးစကားတွေက ဘယ်လိုအခက်အခဲတွေရှိရှိ ကိုယ့်အတွက် အမြဲတမ်း ရှေ့ဆက်ဖို့ ခွန်အားဖြစ်စေပါတယ်ရှင်။ ဒီအလုပ်စလုပ်ကတည်းက customer တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး မကြုံခဲ့ဖူးပါဘူး”တဲ့။
၂၀၁၉ခုနှစ်မှာ အရင်နှစ်တွေထက် အိတ်အရေအတွက်ပိုချုပ်ဖြစ်ခဲ့တဲ့သူမက အခြားဟန်းမိတ်တွေအနေနဲ့ အိတ်ကလေးတွေနဲ့ ဆင်တူဝမ်းဆက်ဆင်မြန်းနိုင်တဲ့ အမျိုးသမီးစီး ဖိနပ်လေးတွေလည်း ချုပ်ဖြစ်ခဲ့သေးတာပါ။
“ဟန်းမိတ်ပစ္စည်းလေးတွေ တော်တော်များများကို အရင်ကထက်စာရင်တော့ လူတွေ သဘောကျလာကြတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဟန်းမိတ်တွေက စျေးကြီးတယ်၊ ပြည်တွင်းဖြစ်တွေက စျေးကြီးတာမို့ ဝယ်မသုံး နိုင်ကြဘူး ဆိုပြီးတော့လည်း ကြားရပါတယ်။ တစ်ခါတလေ ကျွန်မတို့က လိုအပ်တဲ့ ကုန်ကြမ်းတော်တော်များများကို သူများနိုင်ငံက ပစ္စည်းတွေပြန်ဝယ်သုံးရတာတွေ ရှိနေပါတယ်။ ကိုယ့်ပြည်တွင်းဖြစ်ကို ကိုယ့် လူမျိူးတိုင်းသုံးစွဲ့ဖို့ quality ကောင်းပြီး သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ handmade ပစ္စည်းလေးတွေ ထုတ်လုပ်နိုင်ဖို့ဆိုရင် အရည်သွေးမြင့်တဲ့ ပြည်တွင်းဖြစ်ကုန်ကြမ်းတွေလည်း လိုအပ်ပါတယ်။” လို့ သူမပြောပြပေးသွားပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် အခုလိုအိမ်တွင်းစီးပွားရေးကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်တာမျိုး၊ လက်မှုပညာ တစ်ခုခု တတ်မြောက်ထားတာမျိုး၊ အိမ်တွင်းမှုပညာရဲ့ အကျိုးကျေးဇူးတွေအကြောင်း သူမကို မေးကြည့်တဲ့အခါမှာတော့ “အိမ်တွင်းမှုပညာရပ်တိုင်းက အိမ်ထောင်ရှင်အမျိူးသမီးတွေ၊ မိခင်တွေအတွက် အိုးမကွာအိမ်မကွာဝင်ငွေရစေတဲ့ အလုပ်လေးတွေပါ။ အိမ်မှာပဲနေရလို့ကိုယ့်ကိုယ်ကိုယ် အားငယ်စိတ်ပျက်နေတာထက်စာရင် ကိုယ်က ပညာရပ်တစ်ခုခုကို သင်ယူတတ်မြောက်ထားပြီး၊ ကိုယ့်အိမ်မှာနေရင်းပဲ ဝင်ငွေလေးတစ်ခု ရအောင်ကြိုးစားနိုင်မယ်ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုတိုးသွာစေပါတယ်။ အိမ်မှာပဲ အိမ်ထောင်ထိန်းသိမ်းရင်း ၊ ကလေးထိန်းရင်း တစ်ခါတလေခံစားရတဲ့ အထီးကျန်မှုမျိူးကိုလဲ ဒီပညာရပ်တွေက ဖြေဖျောက်ပေးနိူင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အိမ်မှာပဲနေကြတဲ့ အိမ်ထောင်ရှင်အမျိူးသမီးတွေအတွက် လက်မှုပညာတစ်ခုခုသာ တတ်မြောက်ထားမယ်ဆိုရင် အဲဒီကရမယ့်အကျိုးကျေးဇူးတွေက အများကြီးပါပဲ” တဲ့။
ဒါကြောင့် အလုပ်တစ်ခုကိုစလုပ်တော့မယ်ဆိုရင် ဒီအလုပ်ဟာ ကိုယ်ဝါသနာပါပြီး အလုပ်လုပ်နေရသလို မခံစားရဘဲ စိတ်ပျော်ရွှင်မှု၊ စျာန်ဝင်စားမှုပေးနိုင်မယ့် အလုပ်ဖြစ်ရဲ့လားဆိုတာလေးကို ပထမဆုံး ထည့်တွေးရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် ထပ်တူကျသွားပြီဆိုရင် အလုပ်အတွက် ကိုယ့်ရဲ့ကြိုးစားမှုရလဒ်ကို သေချာသိမြင်နိုင်မှာပဲဖြစ်သလို အဲ့ဒီနောက်ဆက်တွဲ ကျေနပ်မှုနဲ့ပီတိကိုပါ အပိုဆောင်းပြီး ခံစားရဦးမှာပါ။ မဒီတို့အနေနဲ့လည်း ကုမ္ပဏီအကြီးကြီးမှာ အလုပ်ရာထူးအကြီးကြီးတွေ ပိုင်ဆိုင်ထားမှ မဟုတ်ပါဘူး။ ကိုယ်တကယ်ဝါသနာပါတဲ့ ဘယ်အလုပ်ကိုမဆို သေချာစိတ်နှစ်ပြီး၊ သူမတူတဲ့ ဖန်တီးမှု၊ အယူအဆ၊ လေ့လာမှုတွေကို ဇွဲ၊ ဝီရိယတို့နဲ့ပေါင်းစပ်ကာ တတ်စွမ်းသလောက် ကြိုးစားရင်း ကိုယ့်နာမည်တစ်ခုကို ခိုင်ခိုင်မာမာ စတင်တည်ဆောက်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။