ရာသီဝက်အငှားစာချုပ်နဲ့ အာဆင်နယ်ကိုရောက်နေတဲ့ စပိန်ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ခြင်းမရှိတာကြောင့် ရာသီကုန်မှာ ဘာစီလိုနာကို ပြန်ပို့ဖို့ အာဆင်နယ်အသင်းက စီစဉ်နေတယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရင်ဇ်ကို အငှားစာချုပ်နဲ့ မျှော်လင့်တကြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အူနိုင်းရဲ့မျှော်လင့်ချက်ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပဲ ဒင်းနစ်ဆွာရက်ဇ်ရဲ့လေ့ကျင့်ရေးကွင်းစွမ်းဆောင်ရည်အပေါ် အားမရတဲ့အတွက် အိမ်ပြန်ပို့ဖို့ စီစဉ်နေပါပြီ။ Daily Mail ရဲ့ဖော်ပြချက်အရ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဘာစီလိုနာနဲ့ သဘောတူညီချက်အရ ရာသီကုန်မှာ ဒင်းနစ်ဆွာရက်ဇ်ကို အပြီးသတ်စာချုပ်ဖို့ အစီအစဉ်ကို စိတ်မဝင်စားတော့ပဲ ကစားသမားအသစ် ရှာဖွေသွားမယ်လို့ သိရပါတယ်။
ဆွာရက်ဇ်ဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာပြီးနောက်မှာ ပရီးမီးယားလိဂ် ၄ပွဲနဲ့ ယူရိုပါလိဂ် ၂ပွဲကို လူစားဝင်ကစားခွင့်ရခဲ့ပြီး ပွဲထွက်လူစာရင်းမှာတော့ တစ်ပွဲမှ ပါဝင်ခြင်းမရှိသေးပါဘူး မိနစ်အားဖြင့် ၉၅မိနစ်သာ အာဆင်နယ်အသင်းအတွက် ကစားခွင့်ရထားပါတယ်။ အာဆင်နယ်နဲ့ဘာစီလိုနာတို့ သဘောတူညီချက်အရ ဒင်းနစ်ဆွာရက်ဇ်ရဲ့ခြေစွမ်းကိုသဘောကျရင် ရာသီကုန်မှာ ပြောင်းရွှေ့ကြေးပေါင်၅သန်းနဲ့ အပြီးသတ်စာချုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အူနိုင်းအမ်မရီကတော့ ဆွာရက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ရှင်သန်ဖို့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒင်းနစ်ဆွာရက်ဇ်ဟာ ဗီလာရီးယဲလ်ကနေ ဘာစီလိုနာကို ၂၀၁၆ဘောလုံးရာသီကတည်းက ပြောင်းရွှေ့လာသူဖြစ်ပြီး ဘာစီလိုနာမှာ သုံးရာသီအတွင်း လာလီဂါ၄၆ပွဲသာကစားခွင့်ရထားပါတယ်။ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့အတွက် ကာယကံရှင်ကစားသမားက ဘာစီလိုနာအသင်းက ထွက်ခွာလိုနေပြီး အသင်းကလည်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဒင်းနစ်ဆွာရက်ဇ်ကို အပြီးသတ်စာမချုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီကစားသမား ခရစ္စတိုဖာအန်ကန်ကူကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။