DPC ဆိုတာ Dota Pro Circuit ကိုအတိုကောက်ခေါ်ဆိုတာဖြစ်ပြီး Season အဆုံးမှာကျင်းပမယ့် The International ပြိုင်ပွဲကြီးအတွက် သီးသန့်ပြုလုပ်ထားတဲ့ အမှတ်ပေးနည်းစနစ်တစ်ခုပါ။
DPC Season တစ်ခုမှာ DPC အမှတ်ပေးမယ့် Major နဲ့ Minor ပြိုင်ပွဲတွေကို Valve က ဦးဆောင်ကျင်းပပေးမှာဖြစ်ပြီး Season ဆုံးတာနဲ့ DPC အမှတ်အများဆုံး ၁၂ သင်းကို The International ကို တိုက်ရိုက်ဖိတ်ခေါ်သွားမှာပဲဖြစ်ပါတယ်။ The International 9 ကိုကျင်းပပြီးစီးခဲ့တာ ၁ လကျော်ကြာခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာပဲ 2019-2020 DPC Season အသစ်ကို စတင်တော့မှာပါ။
လာမယ့် 2019-2020 DPC Season မှာ Major ပြိုင်ပွဲကြီး ၅ ခုနဲ့ Minor ပြိုင်ပွဲ ၅ ခု ပေါင်း ၁၀ ခု ကျင်းပသွားမှာပါ။ Major ပြိုင်ပွဲတစ်ခုမှာ စုစုပေါင်းဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ၁၅၀၀၀ DPC အမှတ်တို့ကို ချီးမြှင့်သွားမှာဖြစ်ပြီး Minor ပြိုင်ပွဲမှာတော့ အမေရိကန်ဒေါ်လာ ၃ သိန်းနဲ့ ၆၆၀ DPC အမှတ်တို့ကို ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။
ဒီနှစ်မှာတော့ Valve က စည်းကမ်းချက်ထဲမှာ ဖြည့်စွက်ပြင်ဆင်ချက်တချို့ကို ထပ်မံထည့်သွင်းထားပါသေးတယ်။ The International ကို တိုက်ရိုက်ဝင်ခွင့်ရပြီးသား အသင်းတွေအနေနဲ့ ပြိုင်ပွဲကြီးနားနီးမှာ ကစားသမား တစ်ဦးတစ်ယောက်ကို ထုတ်ပယ်နိုင်ခွင့်မရှိတော့ပါဘူး။ မနှစ်ကတော့ Team Liquid က TI ဝင်ခွင့်သေချာပြီးမှ Matubaman ကို အသင်းမှထုတ်ပယ်ခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ Matubaman ခမျာ တော်တော်လေးနစ်နာခဲ့ရပါတယ်။ Valve အနေနဲ့ အဲဒါမျိုးတွေထပ်ဖြစ်လာမှာကို ကာကွယ်လိုတာကြောင့် ဒီစည်းမျဉ်းအသစ်ကို ထပ်မံထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ မိမိအသင်းပိုင်ဆိုင်ထားတဲ့ DPC အမှတ်ထဲက ၂၀ ရာခိုင်နှုန်းကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ နှုတ်ယူမှာပဲဖြစ်ပါတယ်။
နောက်ပြီး ဒီနှစ်မှာတော့ Qualifier တွေကို Major, Minor နှစ်ခုခွဲကျင်းပတော့မှာမဟုတ်ဘဲ တစ်ခါတည်း နှစ်ခုပေါင်းပြီး ကျင်းပသွားမှာပဲဖြစ်ပါတယ်။ Minor ချန်ပီယံဖြစ်တဲ့အသင်းအနေနဲ့ Major ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်တစ်နေရာရမှာ ဖြစ်တာကြောင့် ဒီပြိုင်ပွဲနှစ်ခုဟာ တစ်ခါတည်းတွဲပြီး လာတတ်ပါတယ်။ ပွဲစီစဉ်မယ့် အဖွဲ့အစည်းတွေ အလုပ်ရှုပ်မှာစိုးတာရယ် နောက်ပြီး ပါဝင်ယှဉ်ပြိုင်ရမယ့်ကစားသမားတွေ ပွဲပန်းမှာစိုးတာရယ်ကြောင့် ဒီလိုပြောင်းလိုက်ရခြင်းဖြစ်တယ်လို့ Valve ကဆိုပါတယ်။
Qualifier တွေကျင်းပမယ့်နေ့တွေကိုတော့ -
Qualifier 1 - Oct 5 to Oct 10
Qualifier 2 - Dec 1 to Dec 6
Qualifier 3 - Feb 9 to Feb 14
Qualifier 4 - Mar 29 to Apr 3
Qualifier 5 - May 17 to May 22 ဆိုပြီးသတ်မှတ်ထားပါတယ်။
2019-2020 DPC Season ကိုစတင်ဖွင့်မယ့် ပြိုင်ပွဲကတော့ Dota Summit Minor ပွဲပါ။ Beyond The Summit Studio က စီစဉ်တဲ့ဒီပြိုင်ပွဲကိုတော့ Los Angeles မြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားမှာပဲဖြစ်ပါတယ်။
သူနဲ့အတူတွဲပါလာတဲ့ Major ပြိုင်ပွဲကိုလည်း Valve က ထုတ်ပြန်ကြေညာပြီးပြီဖြစ်ပါတယ်။ အဲဒါကတော့ တရုတ်အခြေစိုက် Mars Media က ပွဲစီစဉ်သူအဖြစ်တာဝန်ယူမယ့် MDL ပြိုင်ပွဲပဲဖြစ်ပါတယ်။ TI9 ကို တရုတ်နိုင်ငံမှာကျင်းပပြီးပြီဆိုပေမယ့် Season အသစ်ရဲ့ ပထမဦးဆုံး Major ပြိုင်ပွဲကိုလည်း တရုတ်နိုင်ငံ Sichuan ပြည်နယ်ရဲ့မြို့တော် Chengdu မှာ နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာပဲဖြစ်ပါတယ်။
DPC Season အသစ်ပြန်စပြီဖြစ်တဲ့အပြင် ပထမဦးဆုံးကျင်းပမယ့် ပြိုင်ပွဲနှစ်ခုကိုလည်း ကြေညာထားခဲ့ပါပြီ။ ဒီနှစ်မှာဘယ်အသင်းတွေက DPC အမှတ်အများဆုံးနဲ့ The International ကိုဝင်ခွင့်ရမလဲ၊ ဘယ်အသင်းတွေက ဘယ်လိုမထင်မှတ်ထားတွေ စွမ်းဆောင်ပြနိုင်မလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို သိချင်တယ်ဆိုရင်တော့ တစ်နှစ်တာကြာရှည်မယ့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် DPC မာရသွန်ပြိုင်ပွဲကြီးကို အဆုံးထိစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Written by Myo Thant Kyaw