Evil Geniuses အသင်းရဲ့ ပဲ့ကိုင်ရှင်အဖြစ်နဲ့ The International 2015 (Ti5) ကို ဗိုလ်စွဲခဲ့ဖူးတဲ့ Ppd ဟာ Dota 2 ပရိုကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။
Ppd ရဲ့အမည်ရင်းက Peter Dager ဖြစ်ပြီး အသက် ၂၈ နှစ်ပြည့်ပြီးသား အမေရိကန်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Fear, Sumail, Universe နဲ့ Aui_2000 တို့ပါဝင်တဲ့ EG အသင်းနဲ့အတူ Ti5 ကို ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေဒေါ်လာခြောက်သန်းကျော်ရခဲ့တဲ့နှစ်ဖြစ်လို့ အစောဆုံး မီလီယံနာ Esports ကစားသမားတစ်ဦးဆိုလည်း မမှားပါဘူး။
လက်ရှိ ဥရောပအခြေစိုက် NiP အသင်းမှာ ကစားနေတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ Ppd အတွက် လာမယ့်နှစ်မှာ ဒေသအလိုက်အမှတ်ပေးစနစ်ပြောင်းလဲမယ့် ပြဿနာအပြင် ကိုဗစ်ကူးစက်မှုကြောင့် ကစားသမားတွေ စုစည်းမရတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတာက အခုလို အနားယူဖို့ ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်ခဲ့မယ်လို့ ယူဆရပါတယ်။
NiP အသင်းရဲ့ တွစ်တာစာမျက်နှာကနေ Ppd ကို ကျေးဇူးတင်ကြောင်း တင်ခဲ့သလို Ppd ရဲ့တွစ်တာမှာလည်း သူအနားယူရတဲ့ ဆုံးဖြတ်ချက်အကြောင်းကို အခုလိုတင်ထားခဲ့ပါတယ်။
“Competitive Dota 2 ကနေ ခွဲခွာဖို့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အကြောင်း အားလုံးကို နည်းနည်းလောက်ရေးပြချင်ပါတယ်။ ကျွန်တော့်ရဲ့ အသက် ၂၀ ပြည့်နှစ်များကို ဗီဒီယိုဂိမ်းယှဉ်ပြိုင်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့ရသလို အခုအသက်အရွယ် (၂၉ နှစ်နား) မှာတော့ အခုလက်ရှိအနေအထားနဲ့ဆိုရင် မတွေ့နိုင်ဘူးလို့ ယူဆမိတဲ့ ကွဲပြားတဲ့ အရာတစ်ခုကို ရှာဖွေချင်မိပါတယ်။
ဒီနေ့မှာ ကျွန်တော်ဟာ အခြားလူတွေနဲ့ယှဉ်ပြိုင်မယ့်အစား ကိုယ့်ကိုယ်ကိုယ်တိုးတက်မှုကိုသာ အာရုံစိုက်နေမိတာကို တွေ့ရှိခဲ့ရပြီး ဒါ့ကြောင့်လည်း ပြိုင်ပွဲတွေမှာ စိတ်ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ဖို့ လိုအပ်တဲ့ ရည်မှန်းချက်နဲ့ သတ္တိတို့ လျော့ကျနေတာကို ခံစားမိပါတယ်။ ပြောင်းလဲမှုဆိုတာ ကောင်းမွန်တယ်လို့ ယူဆထားတဲ့အတွက် ဒါကို နောင်တမရမိဘဲ အသက် ၃၀ ကျော်အရွယ်မှာတော့ တစ်ခုခု အသစ်အဆန်းကို ပြုလုပ်လိုနေပါတယ်။
ဘယ်လောက်ပဲ ရလဒ်ပိုင်းအရ ဆိုးရွားနေပါစေ၊ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်ရတဲ့ အရည်အချင်းမျိုးကို အမြဲတမ်းမြင်တွေ့အားပေးခဲ့တဲ့လူတွေကိုလည်း ထာဝရကျေးဇူးတင်နေမှာပါ။ ကျွန်တော့်ကို ကြိုက်ကြိုက်မကြိုက်ကြိုက် ပရိသတ်တွေနဲ့ Dota 2 ကစားသမားအားလုံးကို သူတို့အားလုံးပါဝင်ဖန်တီးခဲ့တဲ့ (Dota 2) ကမ္ဘာအတွက်နဲ့ ပါဝင်ခွင့်ရရှိခဲ့လို့ ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်” လို့ သူက ရေးသားခဲ့ပါတယ်။
Ppd ဟာ မြောက်အမေရိကဒေသရဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားတစ်ဦးဖြစ်သလို ရံဖန်ရံခါမှာ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ အမုန်းစကားပြောတတ်လို့လည်း ကစားသမားချင်းရော ပရိသတ်ထဲမှာရော သူ့ကို ချစ်သူမုန်းသူ ရောနေတာပါ။
ပထမတစ်ခါလည်း EG ကနေ ထွက်ခါနီးမှာ အနားယူကြောင်းကြေညာခဲ့သေးပေမယ့် Competitive Dota 2 လောကကို စိတ်မကုန်ဘဲ NiP အသင်းနဲ့ ပြန်လည်တိုက်ပွဲဝင်ခဲ့တာပါ။ အခုတစ်ခါတော့ အသက်အရွယ်အရရော တကယ်နားသွားပြီလို့ ယူဆရပါတယ်။