လာမယ့် ၂၀၂၄ ခုနှစ်ကစပြီး စမတ်ဖုန်းကင်မရာတွေဟာ DSLR နဲ့ Mirrorless ကင်မရာတွေထက် စွမ်းဆောင်ရည်ပိုမြင့်လာမယ်လို့ Sony ကုမ္ပဏီက ယုံကြည်နေပါတယ်။
နောက်ဆုံးပေါ် အဆင့်မြင့် မိုဘိုင်းကင်မရာနည်းပညာကို တီထွင်ကြံဆနေတဲ့ Sony ဟာ မကြာတော့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စမတ်ဖုန်းဓါတ်ပုံကင်မရာစွမ်းရည် တဟုန်းထိုး တိုးတက်လာမယ်လို့ ပြောလာတာ ဖြစ်ပါတယ်။ Sony Semiconductor Solutions (SSS) ရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Terushi Shimizu က "နောက်နှစ်အနည်းငယ်အတွင်း စမတ်ဖုန်းတွေရဲ့ ရုပ်ငြိမ်ကင်မရာ Still ဓါတ်ပုံအရည်အသွေးဟာ Single-Lens Reflex ကင်မရာ ဓါတ်ပုံအရည်အသွေးထက် သာလွန်လာလိမ့်မယ်" လို့ စီးပွားရေးတွေ့ဆုံပွဲတစ်ခုမှာ ပြောသွားပါတယ်။
ဒီအစည်းအဝေးမှာပဲ စမတ်ဖုန်း Still ဓါတ်ပုံစွမ်းရည်ဟာ ၂၀၂၄ ခုနှစ်ကစပြီး DSLR ဒါမှမဟုတ် Mirrorless ကင်မရာကနေ တပ်နိုင်ဖြုတ်နိုင်တဲ့ ILC (Interchangeable Lens Camera) ဓါတ်ပုံအရည်အသွေးထက် ပိုကောင်းလာမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဖုန်းတွေအနေနဲ့ နောက်နှစ်နှစ် သုံးနှစ်အတွင်း DSLR နဲ့ Mirrorless ကင်မရာဓါတ်ပုံအရည်အသွေးထက် ပိုကောင်းလာမယ်လို့ ပြောခဲ့ပေမယ့် ဒီပြောကြားချက်မှာ ချဉ်းကပ်မှု ကွဲပြားနိုင်ပါတယ်။
လက်ရှိဈေးကွက်ထဲမှာ အဖိုးနည်းဝန်ပါ သူ့ဈေးနဲ့သူ ထုတ်ထားတဲ့ Mirrorless Camera အမျိုးမျိုး ထွက်ရှိထားပါတယ်။ ဈေးသက်သာတဲ့ ကင်မရာတစ်လုံးထက် စွမ်းရည်သာတဲ့ စမတ်ဖုန်းကင်မရာထုတ်ဖို့ သိပ်မခက်နိုင်ပေမယ့် ပရီမီယံတန်းက ကင်မရာတစ်လုံးနဲ့ ယှဉ်ဖို့က အတော်ကြီးခက်နိုင်ပါတယ်။ Sony အနေနဲ့တော့ စမတ်ဖုန်းကင်မရာပိုင်းမှာ ပြိုင်ဘက်မရှိကောင်းတဲ့ ထုတ်ကုန်တွေ လက်တွေ့ထုတ်လုပ်နေတာ ဖြစ်ဖို့ ဖြစ်နိုင်ခြေများတယ်လို့ ဆိုရမှာပါ။
Sony အနေနဲ့ DSLR ကင်မရာထက် သာလွန်ဖို့ Sensor သစ် ၊ AI နည်းပညာနဲ့ မြန်နှုန်းမြင့် Readout ထုတ်မှုစွမ်းရည်က အဓိကကျမယ်လို့ ယူဆထားပါတယ်။ Mobile Image Sensor တွေဟာ နောက်နှစ်နှစ်အတွင်း ၁ လက်မဆိုဒ်ကို ကျော်လွန်လာနိုင်တယ်လို့လည်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ Sony Xperia Pro 1 ဖုန်းမှာ ၁ လက်မဆိုဒ် 20MP Image Sensor အသုံးပြုထားတာလည်း ရှိပါတယ်။ တစ်ဖက်မှာလည်း Lens နဲ့ Sensor အကြား အကွာအဝေးကန့်သတ်ချက်ကြောင့် Sony အနေနဲ့ Sensor Surface ရဲ့ 12MP ကိုပဲ အသုံးချနိုင်တဲ့ ပြဿနာရှိပါတယ်။
ကုမ္ပဏီအနေနဲ့ အသစ်ထုတ်ထားတဲ့ နှစ်လွှာ CMOS Sensor သစ်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ရှင်းနိုင်မယ်လို့ ယူဆထားပါတယ်။ ဒီ Sensor သစ်ဟာ Photodiode နဲ့ Transistor Layers ထုတ်လုပ်မှုဖြစ်စဉ်ကို သီးခြားခွဲ တည်ဆောက်ထားတာ ဖြစ်ပြီး တည်ဆောက်ပုံသစ်ကြောင့် Pixel တစ်ခုချင်းဟာ အလင်းနှစ်ဆပိုဝင်ပြီး Dynamic Range ပိုတိုးလာသလို အလင်းအားနည်းချိန်ရိုက်ချက်တွေမှာ တုန်မှုန်ဝါး Noise ထတာတွေပါ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။
တတိယအချက်အနေနဲ့ အဆင့်မြင့်လာတဲ့ Hardware နဲ့ တွဲဖက်ပြီး ပိုကောင်းတဲ့ AI Processing စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုကြောင့် Multi-Frame HDR ကန့်သတ်ချက်တွေကို ကျော်နိုင်ပြီး Range ပိုရောက်တဲ့ Zoom နဲ့ ရုပ်ထွက်ပိုမြင့်တဲ့ Video Recording လုပ်ဆောင်ချက်တွေ ရလာမယ်လို့ ဆိုပါတယ်။ လက်ရှိဈေးကွက်ထဲက ကင်မရာစွမ်းရည်မြင့် Pixel 6 စီးရီးမှာဆို ပုံမှန် Image Signal Processing နဲ့ Machine Learning Silicon နှစ်ခု ပေါင်းထားပြီး On-Chip နဲ့ In-Device နှစ်မျိုးလုံးမှာ ဘောင်တိုးချဲ့လာတာ တွေ့ရပါတယ်။
Sony ဟာ Mobile Industry ရဲ့ ပထမဆုံး Focal Length ပြောင်းနိုင်တဲ့ ကင်မရာပါ Xperia 1 IV ကို ကြေညာထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Xperia 1 IV ဟာ မှန်ဘီလူး Lens တစ်ခုတည်းနဲ့ 85mm ကနေ 125mm ကို ပြောင်းနိုင်စွမ်း ရှိသလို ပယ်ရီစကုပ်ကင်မရာကြောင့် DSLR ကင်မရာတစ်လုံးရဲ့ Zoom ဆွဲနိုင်စွမ်းပါ အသုံးချနိုင်မယ်လို့ ဆိုပါတယ်။ Focal Length Range ကို တိုးချဲ့နိုင်မယ်ဆိုရင် ဒီနည်းပညာဟာ Image Sensor အများအပြား သုံးရတာကို လျှော့ချနိုင်သလို ဓါတ်ပုံနဲ့ မှန်ဘီလူးအရည်အသွေးမကိုက်တဲ့ ပြဿနာတွေပါ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
စမတ်ဖုန်းကင်မရာတွေအနေနဲ့ DSLR ကင်မရာတွေရဲ့ ရိုက်ချက်ထက် သာလွန်တဲ့ (ဒါမှမဟုတ်လည်း) ယှဉ်နိုင်မယ့်ခေတ်ဟာ သိပ်မလိုတော့ဘူးလို့ ယူဆရပါတယ်။