ဒေါ်လာ ၃ သောင်းခွဲလောက် ပြန်ပေးဝယ်လိုက်ရတယ်လို့ ဆိုပါတယ်

NFT ပိုင်ရှင်တစ်ယောက်ဟာ ‌‌‌ဒေါ်လာ ၃ သိန်းတန် ရှားပါး NFT တစ်ခုကို ဒေါ်လာ ၃၀၀၀ နဲ့ မှားရောင်းမိတဲ့အဖြစ်နဲ့ ကြုံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတစ်ပတ်အတွက် ကံဆိုးသူမောင်ရှင်တစ်ဦးကတော့ NFT ပိုင်ရှင် Max (Maxnaut) ဆိုသူဖြစ်ပြီး စနေနေ့က သူဟာ Ether 75 (ဒေါ်လာ ၃ သိန်းခန့်) နဲ့ ရောင်းရမယ့် ပျင်းရိနေတဲ့ မျောက်ဝံပုံ Bored Ape NFT တစ်ခုကို မှားပြီး 0.75 Ether (ဒေါ်လာ ၃၀၀၀ ခန့်) နဲ့ အရောင်းတင်ခဲ့တာလို့ CNET သတင်းက ဖော်ပြပါတယ်။ NFT အရောင်းတင်ချိန်မှာ Max ဟာ သူ့ကိုယ်သူ "တစ်ကိုယ်တော်ခရီးသည် ၊ ပျင်းရိနေတဲ့ မျောက်ဝံ ၊ မားကတ်တင်းအေဂျင်စီ ပိုင်ရှင်နဲ့ NFT ရင်းနှီးမြှပ်နှံသူ" လို့ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။ 



Photo: The Verge


သူရောင်းလိုက်တဲ့ NFT ဟာ Bored Ape Yacht Club လို့ခေါ်တဲ့ ကမ္ဘာပေါ်က ဂုဏ်သိက္ခာအရှိဆုံး NFT စုဆောင်းမှုတွေထဲက တစ်ခုဖြစ်ပြီး Bored Ape Yacht Club (BAYC) ထဲက ဈေးအချိုဆုံးဆိုတဲ့ NFT တစ်ခုတောင် 52 Ether (ဒေါ်လာ ၂၁၀၀၀၀) ပေါက်ပါတယ်။ BAYC ဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ စတင်ခဲ့တဲ့ NFT စုဆောင်းရေးတစ်ခုဖြစ်ပြီး Bored Apes အခု ၁၀၀၀၀ နဲ့ ဖွဲ့စည်းထားတာပါ။ 

BAYC စုဆောင်းရေးအဖွဲ့ဟာ Adidas နဲ့ပါ စာချုပ်ချုပ်ဆိုထားပြီး ကလပ်ထဲက Ape တစ်ခုဟာ နိုဝင်ဘာလအတွက် Rolling Stone Magazine ကာဗာ ဖြစ်လာခဲ့ပါတယ်။ NFT မှာ ပုံစံနှစ်မျိုး ရှိပြီး တစ်ခုက ပန်းချီကားချပ်လို အနုပညာအဖြစ် ဖန်တီးထားတဲ့ Visual Art တစ်ခုအဖြစ် လေလံတင်တာပါ။ Christie လေလံရုံမှာ ရောင်းခဲ့တဲ့ Beeple NFTs ဆို ဒေါ်လာ ၆၉ သန်းအထိ ရခဲ့ပါတယ်။ နောက်တစ်မျိုးက BAYC တို့လို NFT အမှတ်တရလိုက်စုတဲ့ ပရောဂျက်တွေပါ။ 

Pokemon Card တွေ စုဆောင်းသလိုမျိုး အမျိုးမျိုးကွဲပြား ရှားပါးတဲ့ NFTs လေးတွေကို သီးသန့် လိုက်စုတာပါ။ BAYC မှာ မျောက်ဝံအကောင် ၁၀၀၀၀ ရဲ့ NFTs တွေ ရှိပြီး တစ်ခုနဲ့တစ်ခု အမွေးအမှင် ၊ မျက်နှာအမူအယာ ၊ အဝတ်အစား ၊ အသုံးအ‌ဆောင် စသည်ဖြင့် ကွဲပြားတဲ့ အရည်အသွေးတွေ ရှိကြပါတယ်။ ဒီအရည်အသွေးတွေကို NFTs တွေ အရောင်းအဝယ်လုပ်ကြတဲ့ OpenSea ဆိုတဲ့ ပင်မပလက်ဖောင်းပေါ်မှာ ဖော်ပြထားပါတယ်။ 

Bored Ape ဟာ နာမည်ကျော် ပုဂ္ဂိုလ်တွေ ဝယ်စုကြတဲ့ NFTs တစ်ခုအဖြစ် ထင်ရှားလာပါတယ်။ တလောကပဲ နာမည်ကြီး TV အစီအစဉ်တင်ဆက်သူ နဲ့ အမေရိကန်ဟာသပညာရှင် ဂျင်မီ ဖယ်လွန်ဟာ BAYC မှာ NFT စုဆောင်းသူဖြစ်လာခဲ့သလို တခြား နာမည်ကြီး Cele တွေထဲကဆို DJ Khaled ၊ စတက်ဖ်ကာရေး နဲ့ ပို့စ်မယ်လွန်းတို့လည်း Bored Ape NFT တစ်ခုစီ ပိုင်ဆိုင်ကြပြီး သူတို့ရဲ့ Social Media မှာ Profile Photo အဖြစ် တင်ထားကြပါတယ်။


Photo: CNET

စနေနေ့က Max မှားပြီး ရောင်းထုတ်လိုက်တဲ့ Bored Ape NFT ကတော့ ၃၀၆၆ ဒေါ်လာ လောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ Max ဟာ 75 Ether အစား 0.75 Ether ဆိုပြီး မှားတင်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒေါ်လာ ၃ သိန်းကျော်တန် NFT တစ်ခုကို အပုံ ၁၀၀ ပုံ ၁ ပုံဈေးနဲ့ ရောင်းမိသွားတာ ဖြစ်ပါတယ်။ သူ့အမှားကို သိချိန်မှာ တစ်ဖက်လူမဝယ်ခင် Cancel လုပ်ဖို့ bot ကို 8 Ether ( ဒေါ်လာ ၃၄၀၀၀) ပေးပြီး ပြန်ဝယ်လိုက်တာပါ။ ပြီးမှ အဲ့ဒီ NFT ကို ဒေါ်လာ ၂၄၈၀၀၀ ဈေးနဲ့ ပြန်တင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီဖြစ်ရပ်မျိုးဟာ NFTs လောကမှာ မကြာခဏဆိုသလို မြင်တွေ့ရတတ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ဒေါ်လာ ၁၉ သန်းတန် CryptoPunk NFT တစ်ခုကို မှားပြီး ဒေါ်လာ ၁၉၀၀၀ နဲ့ အရောင်းတင်တာမျိုး ဖြစ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က