ထိုင်းနိုင်ငံမှာ ဒူးရင်းသီးခိုးယူသူ အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့တဲ့ ဒူးရင်းသီးစိုက်ပျိုးသူ လယ်သမားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
Photo: Getty Images
Sukhon Sutthirak အမည်ရှိ လယ်သမားဟာ ၎င်းရဲ့ စိုက်ပျိုးရေးခြံထဲမှာ ဒူးရင်းသီးခူးနေစဉ် လက်နက်ကိုင်အမျိုးသားအချို့နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။ ထို့နောက် လယ်သမားက လက်နက်ကိုင်တွေအနက် တစ်ဦးကို သေနတ်ဖြင့်ပစ်ခဲ့ကြောင်း သိရပါတယ်။
လတ်တလော ရက်များအတွင်း ဒူးရင်းသီး လုယက်ခိုးယူမှုတွေ ဆက်တိုက် ကြုံတွေ့နေရတယ်လို့ လယ်သမားဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။ ဒူးရင်းသီးသူခိုးကို ပစ်သတ်ခဲ့တဲ့ လယ်သမားအား လူသတ်မှုဖြင့် စွဲချက်တင်ထားပြီး သေဆုံးသူရဲ့ အချက်အလက်တွေကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
Photo: Eating Thai Food
ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ဒေသမှာ ဇူလိုင် ၂၅ ရက် ညပိုင်းနဲ့ ဇူလိုင် ၂၆ ရက် မနက်အစောပိုင်းကြား အချိန်ကာလအတွင်း အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အာရှဒေသမှာ စိုက်ပျိုးဖြစ်ထွန်းပြီး သစ်သီးတို့ရဲ့ဘုရင် (King of Fruits) လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒူးရင်းသီးကို ထိုင်းနိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး အထူးတန်ဖိုးထားကြလေ့ရှိကြောင်း သိရပါတယ်။