ဒီနေ့မှာ ရီးရဲလ်ကိုကိုယ်စားပြုပြီး လီဗာပူးလ်နဲ့ ကစားရတော့မှာပါ။

ဒီနေ့ကစားရတော့မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးအတွက် ဂုဏ်ယူမိတယ်လို့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူကာမာဗင်ဂါက ပြောဆိုလိုက်ပါတယ်။ ဒီရာသီကမှ ရီးရဲလ်ကို ရောက်ရှိလာတဲ့ ကာမာဗင်ဂါဟာ အသင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး အားထားရတဲ့ ကွင်းလယ်လူတဦးအဖြစ်နဲ့ ရပ်တည်နေခဲ့ကာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းပြမှုတွေက အသင်းကိုအထောက်အကူပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်ကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တာ၊ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဟန့်တားပြီး ချက်ချင်းတိုက်စစ်ပြန်ဆင်နိုင်တဲ့အရည်အသွေးတွေက ရီးရဲလ်ကို အကျိုးရှိစေခဲ့ပြီး ဗိုလ်လုပွဲအထိပါ ရောက်ရှိစေခဲ့ပါတယ်။ 

ကာမာဗင်ဂါက "မိဘတွေက စစ်ရှောင်လာရတဲ့နောက် ကျနော့်ကို အန်ဂိုလာရဲ့ ဒုက္ခသည်စခန်းတခုမှာ မွေးခဲ့တယ်။ ကျနော့်မိဘတွေက ဘဝသစ်စဖို့ ကျနော့်ကို ပြင်သစ်ဆီ ခေါ်ဆောင်ခဲ့သလို ဘောလုံးကလည်း ကျနော့်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ခေါ်ဆောင်ခဲ့တယ်။ အခုလို ဗိုလ်လုပွဲမှာ ကစားရတဲ့အတွက် ဒုက္ခသည်ဟောင်းတယောက်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်" လို့ ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ 

ဒါဟာ ဘိုင်ယန်နောက်ခံလူအယ်လ်ဖွန်ဆိုဒေးဗီးစ်က ဒုက္ခသည်စခန်းမှာမွေးဖွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့အပြီး နောက်ထပ် ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့သူတဦးက ဆုဖလားရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ဖြစ်လာခဲ့ပါတယ်။ ကာမာဗင်ဂါကတော့ အရန်ကစားသမားအဖြစ်နဲ့သာရှိနေဖွယ်ရှိပြီး အရေးကြီးချိန်မှာ လူစားဝင်ကစားရဖွယ်ရှိနေပါတယ်။ 


Share

Loading Next Article...
က္က