ရီယို ဖာဒီနန်ဟာ ချဲလ်ဆီးအသင်းရဲ့ သွင်းဂိုးပြဿနာတွေအတွက် လူကာကူးက အဖြေဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး ဂရေဟမ် ပေါ့တားကို ကြံ့ခိုင်မှုရဖို့ ရုန်းကန်နေရတဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးကို ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယမ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ဆန်စီရိုမှာ ပေါ်တိုအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အင်တာမီလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လူကာကူးဟာ ပြီးခဲ့တဲ့အပတ် အူဒီးနီးစ်နဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ပေါ်တိုနဲ့ ကစားခဲ့တဲ့ပွဲမှာ အရန်ကစားသမားအနေနဲ့ ပါဝင်ခဲ့ရတာဖြစ်ပြီး အင်တာမီလန် စီအီးအို မာရော့တာက ချဲလ်ဆီးကြယ်ပွင့်ဟာ ကိုယ်အလေးချန် ၁၀၃ ကီလိုကို သယ်ဆောင်နေရပြီး ပွဲကစားဖို့ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမပြည့်ဝသေးဘးလို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ရီယို ဖာဒီနန်က လူကာကူးရဲ့ ကိုယ်အလေးချိန်ကြောင့် အံ့အားသင့်တုန်လှုပ်ခဲ့ပြီး ၎င်းရဲ့ ကစားသမားဘဝတုန်းက အများဆုံး ၈၆ ကီလိုနဲ့သာ ကစားခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းက ချဲလ်ဆီးအသင်းလိုအပ်နေတဲ့ ဂိုးသွင်းရှင်ဖြစ်နိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "ကျွန်တော် ၈၆ ကီလိုနဲ့ ကစားခဲ့ပြီး အခုဆိုရင် ၉၆ လောက်ရှိနေပါပြီ။ ကျွန်တော် သူ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့အချိန်တုန်းက ပြောခဲ့တယ်။ သူ အင်တာကို စွန့်ခွာခဲ့ပြီး ကွန်တီကို စွန့်ခွာခဲ့တယ်ဆိုတာ သိသာပါတယ်။ ခင်ဗျား မြင်တွေ့နိုင်တဲ့ အဓိကအရာတွေထဲက တစ်ခုက သူက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီး ဝမ်းမြောက်ကျေနပ်နေခဲ့တယ်ဆိုတာပါ"
"သူသာ နောက်ထပ်တစ်ကြိမ် ကြံ့ခိုင်မှု ပြန်ရလာရင် ဒီကောင်က သူဟာ ဂိုးသွင်းရှင်ဆိုတာကို သက်သေပြသပြီးသားပဲ။ အဲဒီလောက်ကို ရိုးရှင်းပါတယ်။ နည်းပြသစ်က သူ့ကို အခွင့်အရေးပေးသင့်တယ်လို့ ထင်တယ်။ သူ့မှာ လောလောဆယ် ယုံကြည်ရတဲ့သူ အဲဒီမှာတစ်ယောက်မှ မရှိဘူးလို့ ထင်တယ်။ အူဘာမီယန်းက ဥရောပလူစာရင်းထဲမှာတောင် မရှိပါဘူး။ ဒီကောင်(လူကာကူး)က ဂိုးသွင်းစက်ဖြစ်ပြီး ဂိုးဘယ်လိုသွင်းရမလဲဆိုတာကို သူ သိပါတယ်။ ဟုတ်ပြီ။ သူက ကြံ့ခိုင်မှုမရှိဘူး။ သူက သာမန်ထက် နည်းနည်းပိုများတဲ့အလေးချိန်ကို သယ်ထားရတယ်။ ဒါပေမယ့် သူ ဝင်လာပြီး နောက်ဆုံး ၂ ပွဲမှာ ၂ ဂိုးတော့ သွင်းယူထားနိုင်တုန်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။