ယူရို ၂၇ သန်းအထိ ပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကော်တင်ဟိုကို ခေါ်ယူပြီး ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကို လှုပ်ရှားခဲ့တဲ့ ဗီလာနည်းပြဂျရတ်ဟာ အဲဗာတန်ဘယ်နောက်ခံလူလူးကပ်စ်ဒစ်ဂ်နီကို ထပ်မံခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သူ့ရဲ့လူမှုကွန်ရက်ကနေ အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။

ဒစ်ဂ်နီအတွက် ဗီလာက အဲဗာတန်ကို ယူရို ၂၇ သန်းပေးချေရမယ်လို့သိရပြီး ကစားသမားကတော့ လက်ရှိမှာ ဆေးစစ်မှုတွေပြုလုပ်ဖို့ ဘာမင်ဂမ်မြို့ကို သွားနေတယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့အပြီးသတ်ကိုတော့ ၂၄ နာရီအတွင်း ကြေညာသွားဖို့ရှိနေကာ စတီဗင်ဂျရတ်အတွက်တော့ လူအင်အားက တောင့်တင်းသထက် ပိုမိုတောင့်တင်းလာပြီဖြစ်ပါတယ်။ 

ဘာစီလိုနာကနေ ကော်တင်ဟိုကို ၆ လ အငှားနဲ့ခေါ်ယူခဲ့ပြီးနောက် ဗီလာက မြန်မြန်ဆန်ဆန်ပဲ ဒစ်ဂ်နီကို ခေါ်ယူလိုက်နိုင်တာဖြစ်ပါတယ်။ ဘင်နီတက်ဇ်လက်အောက်မှာ အဆင်မပြေဖြစ်နေတဲ့ ဒစ်ဂ်နီဟာ တည်ကန်ဘော၊ ဖြတ်တင်ဘောတွေ ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ကာ ထူးခြားချက်ကတော့ သူလည်းပဲ ဘာစီလိုနာမှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။

လိုင်လီလူငယ်အသင်းကနေ ထွက်ပေါ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ဟာ လိုင်လီ၊ ပီအက်စ်ဂျီ၊ ရိုးမား၊ ဘာစီလိုနာနဲ့ အဲဗာတန်တို့လို ထင်ရှားတဲ့အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ဗီလာကတော့ အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး တန်းဆင်းဇုန်ကအသင်းနဲ့ ၁၁ မှတ်ကွာဟနေကာ လက်ကျန်ပွဲတွေမှာရလဒ်တွေကောင်းခဲ့မယ်ဆိုရင် ဥရောပဝင်ခွင့်ရရှိနိုင်မယ့် မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က