ဒီကနေ့ည ကစားမယ့် လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်းပွဲစဥ်မတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားကြောင့် ဒဏ်ရာမရချင်ရင် ဆိုဖာပေါ်မှာသာ ထိုင်နေဖို့ရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီကနေ့ညမှာ ရမှတ်တမှတ်ရရှိရုံနဲ့ အုပ်စုဗိုလ်ဖြစ်မှာပါ။
ပြီးခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ပွဲမှာ သရေကျခဲ့တဲ့နောက် အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား နီးကပ်လာတာနဲ့အမျှ ကလပ်ပွဲစဥ်ဇယားတွေ ကျပ်တည်းမှုကြောင့် နာမည်ကျော် ကစားသမားတွေ တယောက်ပြီး တယောက် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်မှာလည်း ဘန်ဇီမာ၊ မိုဒရစ်တို့ ဒဏ်ရာရရှိနေပြီး လိုက်ပ်ဇစ်နဲ့ပွဲအတွက် အသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ ဒီအပေါ်မှာ အန်ဆယ်လော့တီက “ဘောလုံးလောကမှာ ဒဏ်ရာပြဿနာဆိုတာ ရှိပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ဒဏ်ရာမရချင်ရင် ဆိုဖာပေါ်မှာပဲ ထိုင်နေလိုက်ပါ။ လေ့ကျင့်ရေးကွင်းမှာတောင် အသင်းဖော် အချင်းချင်း ထိခိုက်မိပြီး ဒဏ်ရာရနိုင်ပါတယ်”
“အခုချိန်မှာတော့ လူတိုင်းက လေ့ကျင့်ခန်း ဆင်းချင်ကြပါတယ်။ တကယ်လို့ တယောက်ယောက်ကများ ဒဏ်ရာရမှာ ကြောက်တယ် ပြောလာရင်တော့ သူ့အနေနဲ့ အိမ်မှာနေပြီး တီဗီက ဇာတ်လမ်းတွဲဖြစ်ဖြစ် ဒါမှမဟုတ် ရုပ်ရှင်ဖြစ်ဖြစ် ကြည့်နေသင့်ပါတယ်။ ဒီလိုမျိုးတွေ အများကြီးရှိပါလိမ့်မယ်။ လက်ရှိ အချိန်ကတော့ ရာသီတခုရဲ့ တကယ်ကို ပြင်းထန်ကျပ်တည်းတဲ့ အခိုက်အတန့်ပါပဲ”
“ပွဲတွေအများကြီး ကစားခိုင်းနေပါတယ်။ ကစားသမားတွေကတော့ ကမ္ဘာ့ဖလားကို ဒဏ်ရာကင်းကင်းနဲ့ သွားလိုပေမယ့် အခုချိန်မှာ သူတို့ ဒီပြိုင်ပွဲအကြောင်းကို စဥ်းစားနေမယ်လို့ ကျနော် မထင်ပါဘူး။ အခု ပုံစံအတိုင်း ဆက်သွားရင်လည်း ကစားသမားတွေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားကစားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။