ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီဟာ ဘင်ဖီကာနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း ဒီသတင်းကို အတည်ပြုခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် အနားယူရဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ ရိမ်းစ်နဲ့ သရေကျခဲ့တဲ့ လီဂူးပွဲကိုလည်း လွဲချော်ခဲ့ပြီး နည်းပြဂဲလ်တီယာအတွက် တိုက်စစ်ပိုင်းမှာ ပြသနာတွေရှိလာနိုင်ပါတယ်။
မက်ဆီ မကစားနိုင်ချိန်မှာပဲ ပီအက်စ်ဂျီက ဂိုးမရှိသရေသာကစားနိုင်ခဲ့တာက တိုက်ဆိုင်မှုတော့မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြနေတဲ့ အသက် ၃၅ နှစ်အရွယ် မက်ဆီနဲ့အတူ ကင်ပမ်ဘီ၊ နူနိုမန်ဒက်စ်နဲ့ ရီနာတိုဆန်းချက်ဇ်တို့လည်း ဘင်ဖီကာနဲ့ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရကာ ဒါက ပေါ်တူဂီကလပ်အတွက် ကြီးမားတဲ့အခွင့်အရေးတခုဖြစ်လာဖွယ်ရှိနေပါတယ်။
ဒီနှစ်သင်းက ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပြီး အုပ်စုတွင်းမှာ ရမှတ် ၇ မှတ်စီနဲ့ အပြိုင်ဦးဆောင်နေတာဖြစ်ပြီး သူတို့နှစ်သင်းနောက်မှာ ဂျူဗင်တပ်စ်က လေးမှတ်နဲ့ တတိယနေရာမှာရှိနေခဲ့ပါတယ်။ လာမယ့်ပွဲစဉ်က နှစ်သင်းစလုံးအတွက် အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်ပြီး တဖက်မှာဂျူဗင်တပ်စ်က နိုင်ပွဲရခဲ့မယ်ဆိုရင် အုပ်စုကတက်ဖို့အတွက် နောက်ဆုံးပွဲစဉ်ထိ စောင့်ကြည့်ရတော့မှာပါ။
မက်ဆီမပါဝင်ပေမယ့်လည်း နေမာ၊ ဘတ်ပီတို့က ပီအက်စ်ဂျီတိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီက ဒီရာသီမှာ ဖန်တီးမှုပိုင်းတော်တော်လေးကောင်းမွန်နေပြီး အဆိုပါကစားသမားနှစ်ယောက်စလုံးအတွက် ဖန်တီးမှုတွေ ပြုလုပ်ပေးထားခဲ့သူပါ။ ဒါကြောင့် မက်ဆီမကစားနိုင်ချိန်မှာ သူတို့နှစ်ဦးအတွက် ဂိုးရနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးနိုင်ပြီး ဘင်ဖီကာကို အနိုင်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။