ဆူဇူကီးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဒဏ်ရာရနေတဲ့ နောက်ခံကစားသမားအချို့ အုပ်စုနောက်ဆုံးပွဲစဉ်ပန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ အသင်းမီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

Photo: AFF

မြန်မာအသင်းရဲ့ ခံစစ်ပိုင်းမှာ ဇော်ရဲထွန်း၊ ရဲမင်းသူ၊ ငြိမ်းချမ်း စတဲ့ ဗဟိုခံစစ်မှူးတွေ ဒဏ်ရာပြဿနာနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တီမောအသင်း၊ ထိုင်းအသင်းတို့နဲ့ ပွဲစဉ်တွေမှာ မြန်မာအသင်းဟာ ခံစစ်ပိုင်း အပြောင်းအလဲ လုပ်ခဲ့ရပြီး နောက်ခံအစွန်လူတွေဖြစ်တဲ့ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်းတို့ကို ဗဟိုခံစစ်မှူးတွေ အဖြစ် ကစားစေခဲ့ပါတယ်။ “အသင်းမှာ ဗဟိုခံစစ်မှူး တော်တော်များများ ဒဏ်ရာပြဿနာ ရှိနေတာပါ။ လက်ရှိတော့ ကစားသမားအချို့ ပြန်သက်သာနေပါပြီ။ အခုလည်း အုပ်စုနောက်ဆုံးပွဲ မကန်ခင် ကြားထဲမှာ တစ်ပတ်နီးပါးလောက် နားရတော့ ဒီကစားသမားတွေက ပြန်ပါဝင်လာနိုင်ပါတယ် “ လို့ ဦးဇော်မင်းထိုက်က ပြောပါတယ်။

Photo: AFF

မြန်မာအသင်းရဲ့ ခံစစ်ပိုင်းဟာ ဆူဇူကီးဖလား အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာတော့ သွင်းဂိုး ခြောက်ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ အာဆီယံဆူဇူကီးဖလား အုပ်စု (က) ပွဲစဉ် ၃ ပွဲအပြီးမှာတော့ ထိုင်းအသင်းနဲ့ အိမ်ရှင်စင်ကာပူအသင်းတို့က ရမှတ် ၉ မှတ်စီနဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ မြန်မာအသင်းကတော့ ပွဲစဉ် ၃ ပွဲကစားပြီး ရမှတ် ၃ မှတ်သာ ရရှိထားတဲ့အတွက် အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


Share

က္က