ယူကေနိုင်ငံရဲ့ ဒုတိယမြောက် ခရီးသည်အဝင်အထွက် အများဆုံး လေဆိပ်ကြီးတစ်ခုဟာ ဒရုန်းတွေကြောင့် ၂ ရက်ကြာအောင် ပိတ်ခဲ့ရပါတယ်။
Photo: BBC
လန်ဒန်မှ Gatwick လေဆိပ်ဟာ တစ်ရက်ကို ခရီးသည် ၁ သိန်းနဲ့အထက်ကို ဝန်ဆောင်မှုပေးနေတဲ့ လေဆိပ်ကြီးတစ်ခု ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ လေကြောင်း ဝန်ဆောင်မှုတွေ ရုတ်တရက် ဆိုင်းငံ့ရမယ့်အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ခရစ္စမတ်ကာလ ခရီးသွားဖို့စောင့်နေကြတဲ့ လူသိန်းပေါင်းများစွာဟာ လေယာဉ်ပြေးလမ်းမှာ ဒရုန်းတစ်စင်း တွေ့ရမှုကြောင့် နှစ်ရက်ကြာအောင် လေဆိပ်မှာ သောင်တင်ခဲ့ပါတယ်။
Gatwick လေဆိပ်ဟာ ညနေခင်းမှာ ဒရုန်းတွေကို လေယာဉ်ကွင်းထဲမှာ တွေ့ရပြီးနောက် ည ၉ နာရီကစပြီး လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းခဲ့တာပါ။ မနက် ၃ နာရီမှာ ပြန်ပြေးဆွဲခဲ့ပေမယ့် ၄၅ မိနစ်အကြာမှာ နောက်ထပ် ဒရုန်းတွေ တွေ့ရတာကြောင့် သောကြာနေ့မနက် ၆ နာရီ ၁၄ မိနစ်အထိ ပိတ်ခဲ့ရတာပါ။ လေယာဉ်ခရီးစဉ်တစ်ချို့ကို အကန့်အသတ်နဲ့ပြန်ဖွင့်ပေးခဲ့ပေမယ့် ဒရုန်းတွေထပ်တွေ့တာကြောင့် စစ်တပ်အကူအညီနဲ့လုံခြုံရေး ပေးခဲ့ရပါတယ်။
ဒီဒရုန်းတွေဟာ ခရီးစဉ်တွေ နှောင့်နှေးအောင် ရည်ရွယ်ချက် ရှိရှိနဲ့လွှင့်တင်ခဲ့တာ ဖြစ်တယ်လို့လေဆိပ်အာဏာပိုင်တွေမှ ထုတ်ပြန်ထားပြီး အခင်းဖြစ်ပွားချိန်မှာ ဒရုန်းအစင်းရေ ၄၀ ကနေ ၅၀ အကြား တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် Gatwick လေဆိပ်ဟာ ၃၁.၉ နာရီအတွင်း ဘယ်လေယာဉ်မှ အတက်အဆင်းမလုပ်ရဘဲ ခရီးစဉ်တွေ ဖျက်ခဲ့ရတာပါ။ ခရစ္စမတ်ကာလ ခရီးသွားပေါင်း ၂၉ သိန်းကျော်လည်း လေဆိပ်မှာပဲ နာရီပေါင်းများစွာ စောင့်နေခဲ့ရတာ ဖြစ်ပါတယ်။
Gatwick လေဆိပ်ဟာ လန်ဒန်ဟိသရိုးလေဆိပ်ပြီးရင် ယူကေရဲ့ ဒုတိယမြောက် အလုပ်အရှုပ်ဆုံး လေဆိပ်ဖြစ်ပြီး ဒရုန်းတွေ့မှုကြောင့် ခရီးသည်ပေါင်း ၁ သိန်း ၂ သောင်းခန့်ဟာ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ်။ Sussex ရဲတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ Gatwick လေဆိပ်ခရီးစဉ်တွေ နှောင့်နှေးအောင် လုပ်ခဲ့သူ ၂ ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ Gatwick လေဆိပ်ဟာ စနေနေ့မနက်ကစပြီး ခရီးသည် ၁၂၄၄၈၄ ဦး ကို သယ်ဆောင်ပေးမယ့် လေကြောင်း ခရီးစဉ် ၇၅၇ ခုကို ပုံမှန်အတိုင်း ပြန်ဖွင့်လိုက်ပြီလို့ကြေငြာထားပါတယ်။ ငှက်အုပ်ကြောင့် လေယာဉ်ပျက်စီးပေါက်ကွဲနိုင်သလိုမျိုး ဒရုန်းကြောင့် လေယာဉ်တစ်စင်းလုံး ပျက်စီးနိုင်တာကြောင့် လေဆိပ်အနေနဲ့အခုလို ခရီးစဉ်တွေ ဖျက်ခဲ့တာပါ။ ခရီးစဉ်ကို အခုလို နှောက်ယှက်သူတဲ့ ဒရုန်းယာဉ်မောင်းများဟာ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်တယ်လို့ဆိုပါတယ်။