ကာလို အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်ကို ဂိုးတွေ ဒီထက်ပိုများများနဲ့ တက်ရောက်သွားဖို့ ရည်မှန်းထားတယ်လို့ လီဗာပူးလ်ကို သတိပေးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပထမအကျော့တုန်းက အန်းဖီးမှာ ၅-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တော်တော်များများက မာဆေးဆိုဒ်ကလပ်အသင်းရဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခြေက မရှိသလောက် နည်းပါးနေပြီဆိုတာကို သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လီဗာပူးလ်ကို အမြဲတမ်း အသာစီး ရယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း ဗိုလ်လုပွဲပြိုင်ဘက်ဟောင်းတွေကို အနိင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက အိုင်းယက်စ်က ကွာတားဖိုင်နယ်အဆင့်မှာ ၄-၁ နဲ့ ဘာနေဗျူးမှာ အနိုင်ရရှိခဲ့ဖူးတာကြောင့် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ကို လက်လျှော့ခြင်းမရှိသေးဘဲ မက်ဒရစ်မှာ အံ့အားသင့်ဖွယ်တွေ လုပ်ပြဖို့ အားခဲနေတာဖြစ်ပါတယ်။
အများစုကတော့ ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်အသင်းက ခံစစ်ပိုင်းကို အဓိကအသားပေးပြီး ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ကွာတားဖိုင်နယ်အဆင့်ကို သက်တောင့်သက်သာ တက်ရောက်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက လီဗာပူးလ်အိမ်ကွင်း အန်းဖီးမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာလည်း ဂိုးများများသွင်းပြီး နောက်တဆင့် တက်ရောက်ဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
“ပေးချင်တဲ့မက်ဆေ့ချ်က တော်တော်လေးရှင်းပါတယ်။ ကျွန်တော်တို့ ပထမအကျော့တုန်းက ကစားခဲ့တဲ့ပွဲစဉ်တုန်းအတိုင်း ပွဲတစ်ပွဲပေးနိုင်အောင် အကောင်းဆုံးပုံစံကစားသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေးက ကြိုတင်ယူဆချက်တွေ မလုပ်ဖို့ပါ။ ကျွန်တော်တို့ ပထမဆုံးမိနစ်ကနေ အပြင်းထန်ဆုံး ပြင်းအားနဲ့ နိုင်ပွဲရရှိအောင် ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့က အသာစီးရထားပေမယ့် ပွဲကို ဖွင့်ကစားဖို့ စဉ်းစားသွားမှာပါ။ ကျွန်တော်တို့ တိုက်စစ်ဆင်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးခံစစ်ကစားပုံကို ပြသချင်ပါတယ်။ ကြိုတင်ယူဆချက်တွေမရှိဘူး။ အဲဒါက တော်တော်လေးရှင်းပါတယ်။ ကစားသမားတွေက ပွဲက ဖွင့်ကစားမယ့်ပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်တွေးနေမယ်ဆိုတာကို နားလည်ပါတယ်။ လီဗာပူးလ်က ဒီကိုလာပြီး အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးပမ်းသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ တိုက်စစ်ရော ခံစစ်ကိုပါ နှစ်ခုစလုံးလုပ်ရမှာပါ။ ကျွန်တော်တို့ ခံစစ်ချည်းပဲကစားလို့ရမှာမဟုတ်ဘဲ တိုက်စစ်ကစားဖို့လည်း ကျွန်တော်တို့ စဉ်းစားရမှာပါ။ စိတ်ပိုင်းဆိုင်ရာအဆင့်ကနေကြည့်ရင် ဒီပွဲက လီဗာပူးလ်ထက် ကျွန်တော်တို့အတွက် ပိုပြီး ရှုပ်ထွေးပါတယ်။ လီဗာပူးလ်ကျတော့ ဒီကိုလာပြီး သူတို့မှာ ရှိသမျှ အားလုံးပေးဖို့နဲ့ ပထမဆုံးမိနစ်ကစပြီး ဘာတွေပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဖို့ပါ။ ကျွန်တော်တို့ အဲဒါကို ပထမအကျော့တုန်းက မြင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲအစကနေ လုပ်နိုင်သမျှအားလုံး လုပ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြိုင်ဘက်တွေထက် မေးခွန်းတွေ ပိုရှိနေပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။