မိုးယုစံကတော့ ပရိသတ်တွေ သိချင်နေကြတဲ့ မွေးနေ့ အမှတ်တရ သတင်းထူးလေး အကြောင်းကို အခုလို ပြောပြလာပါတယ်။
Photo: Moe Yu San
ဒီနေ့ ဇူလိုင်(၁၁) ရက်ကတော့ သရုပ်ဆောင် မိုးယုစံရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမဟာ မွေးနေ့မှာ သတင်းထူးလေးရှိတယ်လို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီ သတင်းထူးလေး အကြောင်းကို Duwun က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မိုးယုစံက အခုလို ပြောပြလာပါတယ်။
“ ဒီနေ့ မွေးနေ့ကတော့ ဘာမှ မလုပ်ဖြစ်သေးပါဘူး။ သတင်းထူးလေး ဆိုတာကလည်း အခုမှ အစဆိုတော့လေ။ မသေချာသေးလို့ သိပ်မပြောသေးဘူး။ ဒါက ဒုတိယမြောက် ရင်သွေးလေး ကိစ္စ ဟုတ်ပါတယ်။ ဒါပေမယ့် စစချင်းဆိုတော့ နည်းနည်းလောက်တော့ စောင့်ကြည့်ချင်သေးတာ။ နောက်လ လောက်မှ ပိုသေချာမှာပါ။ အခုကတော့ ၉၀ ရာခိုင်နှုန်းလောက် သေချာပါတယ်။ ၁၀၀ ရာခိုင်နှုန်းပြည့်အောင် စောင့်ချင်တာပေါ့နော်” ဆိုပြီးတော့ သူမက ဖြေဆိုခဲ့ပါတယ်။
Photo: Moe Yu San
မိုးယုစံဟာ အိမ်ထောင်ကျပြီးကတည်းက ရင်သွေးလေး(၂) ယောက်ယူဖို့ ဆုံးဖြတ်ထားပြီးသားလို့ ဆိုပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်သွားမယ်လို့ မိုးယုစံက အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူမရဲ့ သားလေး Austin ကလည်း အသက်(၃) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
မိုးယုစံဟာ အိမ်ထောင်မကျခင်တုန်းကတော့ မွေးနေ့ အမှတ်တရပွဲတွေ ကျင်းပလေ့ရှိပါတယ်။ အိမ်ထောင်ကျ ပြီးတဲ့ နောက်မှာတော့ မွေးနေ့တိုင်းကို မိသားစုဝင်တွေနဲ့ပဲ အတူတူ ဖြတ်သန်းဖြစ်တော့တယ်လို့ ဆိုပါတယ်။
“ အိမ်ထောင်ကျပြီးကတည်းက မွေးနေ့တိုင်းမှာ ထွေထွေထူးထူး ခံစားမိတာမျိုးမရှိပါဘူး။ အရင်တုန်းက မွေးနေ့ဆိုရင် စီစဉ်ရတာလေးတွေ ပိုရှိတယ်။ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာတော့ မွေးနေ့ရယ်လို့ ထွေထွေထူးထူး လုပ်ရတာ မရှိတော့ဘူး။ အခုလည်း သားသားမွေးနေ့ကျရင် ဘာလုပ်ရမလဲ ဆိုတာကိုပဲ ခေါင်းထဲမှာ တွေးနေမိတာ။ ယောင်္ကျားကလည်း မွေးနေ့ လက်ဆောင် နှစ်တိုင်းပေးပါတယ်။ ကိုယ်လိုအပ်မယ့် အရာမျိုး၊ အသုံးဝင်မယ့် ဟာမျိုးလေး ပေးပါတယ်။ ဒီနှစ် မွေးနေ့လက်ဆောင်ကိုလည်း ပေးထားတာ ကြာပြီ တစ်လလောက်ရှိပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: My Dream
မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကိုတော့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သားလေးကို အိမ်ခေါ်နာမည် အင်္ဂလိပ်နာမည်အဖြစ် Austin လို့ နာမည်ပေးထားပြီး မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူလို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ Austin လေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။