အုပ်စု (F) ပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဘယ်ဂျီယံနဲ့မော်ရိုကိုတို့ပွဲစဥ်မှာတော့ မော်ရိုကိုက ဘယ်ဂျီယံကို ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပါတယ် ။ ဘယ်ဂျီယံဘက်က ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘစ်ရူး၀ါးရီကို အထောင်ထားကာ ၊ အီဒင်ဟာဇက် ၊ သော်ဂန်ဟာဇက် ၊ ဒီဘရိုင်းတို့နဲ့တွဲပေးထားပါတယ် ။ ကွင်းလယ်မှာတော့ အိုနာနာနဲ့၀စ်ဆယ်တို့ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ မူနီယာ ၊ အန်ဒါ၀ီရယ် ၊ ဗာတွန်ဂန် နဲ့ ကတ်စတန်ဂမ်တို့ကိုအသုံးပြုသွားခဲ့ပါတယ် ။ မော်ရိုကိုဘက်ကတော့ ၄-၃-၃ ကစားကွက်ပေါ်မှာ ဟာကီမီး ၊ ဇီယက်စ် ၊ ဘော့ဖယ် ၊ အမ်မလာ ၊ အမ်မရာဘတ်တို့လို အဓိက ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပါတယ် ။
အဖွင့်ပွဲစဥ်မှာ ကနေဒါကို အနိုင်ရရှိထားတဲ့ဘယ်ဂျီယံအနေနဲ့ ဒီပွဲကို အနိုင်ရလိုက်တာနဲ့တင် နောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပေမယ့် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးလို့ဆိုရမှာြဖစ်ပါတယ် ။ ပွဲအစမှာ နှစ်သင်းစလုံးက တစ်ဖက်အမှားကို တစ်ဖက်စောင့်ကစားခဲ့ကြတာကြောင့် ပွဲကအနည်းငယ်အေးစက်ခဲ့ပါတယ် ။ ဘယ်ဂျီယံဟာ ဒီနေ့ပွဲမှာပုံစံကောင်းပြသနိုင်ခြင်းမရှိဘဲ ကစားသမား တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ရာမှာလည်းနားလည်မှုတွေလွဲနေခဲ့ပါတယ် ။
မော်ရိုကိုဘက်ကတော့ သူတို့ပုံစံအတိုင်းပဲ ဘောလုံးရရင်ရသလိုကိုင်ထားပြီး ပုံမှန်အပေးအယူလေးတွေလုပ်ပြီး အခွင့်အရေးရရင် ရသလို ဘယ်ဂျီယံဘက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ပထမပိုင်းမှာ ဘစ်ရူး၀ါးရီရဲ့ကန်ချက်နဲ့ ကော်တိုရစ်ရဲ့စကေးပြတာလောက်ပဲ စိတ်လှုပ်ရှားစရာရှိခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အဆုံးသတ်မသေချာမှုတွေကြောင့်သာသွင်းဂိုးတွေမရရှိခဲ့တာဖြစ်ပါတယ် ။ ပထမပိုင်းပြီးဆုံးခါနီ နာကျင်အချိန်ပို (၂) မိနစ်မှာတော့ ဇီးယက်က Free Kick ကနေတဆင့် မော်ရိုကိုအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်လည်စစ်ဆေးခဲ့ရာမှာ ရိုမိန်းစိုင်းစ် လူကျွံနေခဲ့တာကြောင့်ပယ်ဖျယ်ခြင်းခံခဲ့ရပါတယ် ။
ဒုတိယပိုင်းမှာလည်းဘယ်ဂျီယံကစားပုံက တိုးတက်လာခြင်းမရှိသလို မော်ရိုကိုဘက်ကလည်း ကစားအားမတင်ခဲ့တာကြောင့် ပွဲက အတော်လေးပျင်းရီစရာကောင်းခဲ့ပါတယ် ။ ပွဲချိန် မိနစ် (၅၀) ၀န်းကျင်မှာ ဟာဇက်ရဲ့အေ၀းကန်ချက်ကောင်းမွန်ခဲ့ပေမယ့် မော်ရိုကို ဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ် ။ အဲဒီနောက် နှစ်ဖက်စလုံးက လူစားအပြောင်းအလဲလုပ်ခဲ့ပြီး ပွဲကို အရှိန်မြင့်တင်ဖို့ကြိုးစားလာခဲ့ပါတယ် ။ ပွဲချိန် (၇၃)မိနစ်မှာတော့ မော်ရိုကိုတို့ ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပြီး ကော်နာထောင့်နားမှာ ရရှိလာတဲ့ Free Kick ကို ရှာဘူရီက တိုက်ရိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ် ။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘယ်ဂျီယံတို့ အစွမ်းကုန်တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် ယုံကြည့်မှုအမြင့်ဆုံးရောက်နေတဲ့ မော်ရိုကို ခံစစ်ကြောင်းကို ဘယ်လိုမှထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူး ။ သာမန်ပွဲကစားချိန်ပြီးဆုံးလို့ နာကျင်အချိန်ပို (၂) မိနစ်အရောက်မှာတော့ ဇီယက်ဇ် ရဲ့ အနီးကပ်ပေးပို့မှုကနေ အဘွန်ခဟယ်က မော်ရိုကိုအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်သွင်းဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲအနိုင်ရရှိခဲ့တဲ့ မော်ရိုကိုဟာ နှစ်ပွဲကစားအပြီး ရမှတ် (၄) မှတ်အထိရရှိထားတာကြောင့် အုပ်စုနောက်ဆုံးပွဲစဥ်ဖြစ်တဲ့ ကနေဒါနဲ့ပွဲမှာ သရေတစ်မှတ်ရလိုက်တာနဲ့တင်နေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ် ။