သာဒီးလူဟာ ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ 'ကျွန်တော်ရူးနေသည်' သီချင်းအခွေနဲ့ ပရိသတ်အရှေ့ကို ပြန်လည်ရောက်ရှိ လာပါပြီ။ ဒီ အခွေထဲမှာလည်း အဆိုတော် J-Me က ပါဝင်သီဆိုပေးထားသလို သီချင်းလည်းရေးပေးထားတာဖြစ်ပါတယ်။
Photo: သာဒီးလူဖေ့စ်ဘွတ်
အဆိုတော် သာဒီးလူရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ 'ကျွန်တော်ရူးနေသည်' တစ်ကိုယ်တော်တေးစီးရီးမတ်ဆက်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ နေ့လည်က Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 'ကျွန်တော်ရူးနေသည်' ဆိုတဲ့ အခွေခေါင်းစဉ်အကြောင်းကိုလည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
“အလုပ်ကြီးအကိုင်ကြီးလုပ်လိုက်တဲ့ လူတစ်ယောက်ကနောက်ကျတော့ ဘာမှမဖြစ်လာတဲ့ အခါ စိတ်ဓာတ်ကျတဲ့ ဆိုဒ်ကိုတွေ ဖြစ်လာတဲ့ အရူး တစ်ယောက်လို ပုံစံရေးထားတာပါ၊ လူတိုင်းကတော့ ကိုယ်ရူးနေတယ် မပြောဘူး ကျွန်တော်ကတော့ ပြောတယ်၊ ကျွန်တော်ရူးနေသည်”လို့ သူကဆိုပါတယ်။
ကြိုးစားမှုလေးတွေ အရာထင်ပါတယ် ဆိုတဲ့ သာဒီးလူ
Photo: သာဒီးလူဖေ့စ်ဘွတ်
သာဒီးလူရဲ့ ' ကျွန်တော် ရူးနေသည်' တစ်ကိုယ်တော်အခွေကို The Key Band နဲ့ တီးခတ်ထားတာဖြစ်ပြီး အဆိုတော် J-me က Featuring အနေနဲ့ ပါဝင်သီဆိုထားတာဖြစ်ပါတယ်။ ဒီအခွေထဲက သီချင်းတွေကို J-me နဲ့ သာဒီးလူတို့က ရေးသားပေးထားတယ်လို့ သိရပါတယ်။ ဒီ သီချင်းအခွေ ထဲမှာ သီချင်း ၁၀ ပုဒ်ပါဝင်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ကစပြီး BO BO Music Production ကနေ ဖြန့်ချိသွားမှာပါ။
သာဒီးလူရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ပြယုဒ် တစ်ကိုယ်တော်အခွေကလည်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင် ခဲ့ပါတယ်။ ဒုတိယတစ်ကိုယ်တော်အခွေ မထွက်ခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်တချို့နဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ ချိန်မှာလည်းအောင်မြင် မှုရခဲ့ပါတယ်။ လတ်တလောမှာတော့ ' လိုသလိုသုံး' ဆိုတဲ့ သီချင်းလေးကလည်း အောင်မြင်နေပါတယ်။