တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေဟာ ဒုတိယသုံးလပတ် အမေရိကန်စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးထားပါတယ်။
စမတ်ဖုန်းဈေးကွက်သုတေသနကုမ္ပဏီ Canalys ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ဒုတိယသုံးလပတ်အတွင်း အမေရိကန်စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းအလုံးရေ ၃၁.၉ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး နှစ်အလိုက် တင်ပို့မှု ၅% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပထမသုံးလပတ်နဲ့ ယှဉ်မယ်ဆိုရင်တော့ ၁၁% ပိုတိုးလာတာပါ။
Photo: Gizmochina
ဒုတိယသုံးလပတ် အမေရိကန်စမတ်ဖုန်းဈေးကွက်မှာ တင်ပို့ခဲ့တဲ့ စမတ်ဖုန်းအရေအတွက်ရဲ့ ၇၀% ဝန်းကျင်ဟာ တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေ ဖြစ်တယ်လို့လည်း Canalys အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ပထမသုံးလပတ် ၆၀% ကနေ ပိုတက်လာတာ ဖြစ်ပါတယ်။
Apple နဲ့ Samsung ဟာ အမေရိကန်ဈေးကွက်ရဲ့ ရောင်းအားအမြင့်ဆုံး စမတ်ဖုန်းတွေ ဖြစ်ပြီး ရောင်းရသမျှ စမတ်ဖုန်း ၁၀ လုံးတိုင်းမှာ ၇ လုံးဟာ ဒီကုမ္ပဏီနှစ်ခုကနေ ထုတ်လုပ်တာပါ။ ဧပြီ မှ ဇူလိုင် ၃ လပတ်အတွင်း Apple ဟာ အမေရိကန်ဈေးကွက်မှာ iPhone အလုံးရေ ၁၅ သန်း တင်ပို့နိုင်ခဲ့ပါတယ်။
Photo: Gizchina
Apple ဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ရောင်းအား ၁၀% နဲ့အထက် ပိုမြင့်တက်ခဲ့ပြီး ဒုတိယနေရာမှ Samsung ဟာ ရောင်းအားအပြောင်းအလဲ သိပ်မရှိခဲ့တာ တွေ့ရပါတယ်။ Lenovo ပိုင် Motorola ဟာ အရင်နှစ်ကထက် ရောင်းအား ၈% ပိုတက်လာခဲ့ပါတယ်။
ဒုတိယသုံးလပတ်အတွင်း အမေရိကန်မှာ ရောင်းချခဲ့တဲ့ ဖုန်းတစ်လုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅၀၃ ဒေါ်လာအောက်ကို ကျခဲ့ပြီး နှစ်ဆန်းပိုင်းကထက် ၁၀% လျော့နည်းခဲ့တာ ဖြစ်ပါတယ်။