ဒူးရင်းပင်တွေကြည့်ရင်း အရသာရှိတဲ့ မွန်ထောင်းဒူးရင်းသီးတွေကိုစားသုံးနိုင်မယ့် ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ရှိ ထိုင်းမွန်ထောင်ဒူးရင်းခြံလေးဆီ အလည်တခေါက် ခေါ်သွားချင်ပါတယ်။
ရန်ကုန်ဒူးရင်းသီးခြံသို့
လှည်းကူးမြို့နယ်မှာရှိတဲ့ ဒူးရင်းစိုက်ပျိုးေရးခြံကိုသွားဖို့အတွက် Duwun အဖွဲ့သားတွေ မနက်၁၀နာရီလောက်မှာ ရုံးကနေထွက်ခဲ့ကြပါတယ်။ရန်ကုန်-မန္တ လေးအမြန်လမ်း ၁၅မိုင်၂ဖာလုံအထိ သွားရပြီး အဲ့ကနေမှတဆင့် ကြို့ကုန်းကျေးရွာ ကြီးလေးကြီးလမ်းပေါ်ရောက်အောင် ရွာထဲလမ်းကနေကားဆက်မောင်းခဲ့ရပါတယ်။မိနစ်၂၀လောက် ကားမောင်းသွားပြီးချိန်မှာတော့ ဒူးရင်းခြံကိုရောက်ပါတယ်။ခြံထိပ်မှာလာကြိုတဲ့ ဆိုင်ကယ်နဲ့အတူခြံထဲကိုဝင်ခဲ့ကြပါတယ်။
ဒူးရင်းခြံမြင်ကွင်း
ခြံထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ စနစ်တကျစိုက်ပျိုးထားပြီး အသီးတွေဝေဆာနေတဲ့ ဒူးရင်းပင်တန်းကို မြင်တွေ့ကြရပါတယ်။ဒူးရင်းသီးချစ်သူတွေအတွက်
တော့ဒီမြင်ကွင်းက စိတ်လှုပ်ရှားပျော်ရွှင်စေမှာသေချာပါတယ်။ဒူးရင်းပင်တန်းတွေကို ဖြတ်ပြီး ခေတ္တနားနေဖို့နေရာကိုသွားတဲ့ တလျှောက်မှာတော့ သီးပင်၊စားပင်တွေအစုံအလျင်စိုက်ပျိုးထားတာကို မြင်တွေ့နိုင်ပါတယ်။ခြံထဲမှာရှိတဲ့ရေသွင်းမြောင်းလေးကလည်းချောင်းငယ်လေးသဖွယ် သာယာ အေးချမ်းမှုကိုခံစားရစေပါတယ်။
ရန်ကုန်မှာဒူးရင်းသီးဖို့ကြိုးစားခဲ့ပုံ
ဒီလိုဒူးရင်းသီးတွေဝေဆာနေတဲ့မြင်ကွင်းဟာဇွဲရှိရှိနဲ့နှစ်ဆယ်ချီကြိုးစားခဲ့ရမှုရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ဒူးရင်းစိုက်ပျိုးရေးကို ဝါသနာပါတဲ့စိတ်အရင်းခံတစ်ခုထဲနဲ့စခဲ့တာလို့ ခြံရှင်ကိုမောင်မောင်ကပြောပါတယ်။ ဒူးရင်းသီးကို လွန်ခဲ့တဲ့နှစ်(၂၀)ကျော်ထဲက ရန်ကုန်မှာစတင်စိုက်ပျိုးဖို့ သူကြိုးစားခဲ့တာပါ။ဒါပေမယ့်လည်းဆုံးရှုံးမှုတွေနဲ့သာကြုံတွေ့ခဲ့ရပါတယ်။ဒီလိုကြုံတွေရပေမယ့်လည်း စိတ်မပျက်ပဲသူရဲ့ဝါသနာကိုအကောင်ထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူနဲ့အတူထိုင်းနိုင်ငံထိသွားရောက်ကာ ဒူးရင်းပျိုးပင်တွေကိုဝယ်ယူစိုက်ပျိုးခဲ့တာပါ။
"စိုက်ပျိုးရေးလုပ်တယ်ဆိုတာ ဖိုထိုးသလိုပဲ မအောင်မြင်ခင်ကတော့ကိုယ့်အိတ်ထဲကအစိုက်ကြီးပဲ။စိတ်ရှည်ရတယ်။ဇွဲကောင်းရတယ်။လွန်ခဲ့တဲ့အနှစ်၂၀လောက်ထဲက ၁၀မိုင်ကုန်းမှာခြံဝယ်ပြီး ဒူးရင်းပင်စစိုက်ကြည့်တယ်တပင်မှမရှင်ဘူး။အဲ့လိုကနေ ဒီခြံဝယ်တော့ ဒူးရင်းပဲထပ်စိုက်ကြည့်မယ်ဆိုပြီး စိုက်ချင်တဲ့စိတ်တခုထဲနဲ့ သူငယ်ချင်းနဲ့အတူထိုင်းထိသွားပြီ ဘာမျိုးမှန်းလဲမသိဘူးဝယ်ချလာတာ။ဒူးရင်းစိုက်ပျိုးရေးပညာရှင်တွေနဲ့ပြမှမွန်ထောင်းမျိုးမှန်းသိရတာ။"လို့ ကိုမောင်မာင်ကပြောပြပါတယ်။
ရန်ကုန်မှာသီးတဲ့ ထိုင်းမွန်ထောင်းဒူးရင်းသီး
အပင်တွေကိုချစ်ပြီး စိုက်ပျိုးရေးကိုဝါသနာပါတဲ့စိတ်တစ်ခုထဲနဲ့ သူရဲ့ဥယျဉ်ခြံစိုက်ပျိုးရေးဘဝကိုစတင်ခဲ့တဲ့ ကိုမောင်မောင်တစ်ယာက်၁၀စုနှစ်နဲ့ချီကြိုးစားခဲ့တဲ့ ဝါသနာအသီးအပွင့်တွေကိုအခုချိန်မှာစတင်ခံစားနေရပြီလို့ဆိုနိုင်ပါတယ်။သူရဲ့ဒူးရင်းသီးခြံကနေအရသာပြည့်ဝတဲ့
မွန်ထောင်းဒူးရင်းသီးတွေကို ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ပါတယ်။
"အသီးစခူးတာတော့ ဒီနှစ်နဲ့ဆို ၄နှစ်ရှိပြီ အခုနှစ်ကတော့အသီးပိုရပါတယ်။တနှစ်နဲ့တနှစ်ကတော့မှန်းလို့မရဘူး အရင်နှစ်ကဆို အသီးစချိန်မှ မုန်တိုင်းမိတယ်ကြွေတယ်။ရာသီဥတုနဲ့လည်းဆိုင်တော့ အသီးကတော့မှန်းလို့မရဘူး ဒီနှစ်ဒူးရင်းရာသီမှာ အလုံးတစ်ထောင်ဝန်းကျင်တော့ရပါတယ်။"လို့ ကိုမောင်ေမာင်ကပြောပါတယ်။
ပိတ်ရက်မှာခြံလာလည်သူတွေနဲ့စည်ကား
အခုဆိုရင်တော့ ကိုမောင်မောင်ရဲ့ဒူးရင်းခြံလေးကဒူးရင်းသီးဝယ်ဖို့ အလည်အပတ်လာသူတွေနဲ့ စည်ကားနေပါတယ်။စားသုံးသူတွေက ခြံတိုက်ရိုက်လာရောက်ဝယ်ယူကြပြီး ပိတ်ရက်တွေဆိုလာရောက်တဲ့ဧည့်သည်ပိုများတယ်လို့သိရပါတယ်။ခြံမှာလာဝယ်တဲ့အခါအသီးရှိရင်ရှိသလို အမြည်းကျွေးတာကြောင့် စားသုံးသူတွေကပျော်ကြတယ်လို့ကိုမောင်မောင်ကပြောပါတယ်။
ဈေးနှုန်းနဲ့အာမခံချက်
၂၀၂၅ဒူးရင်းသီးရာသီမှာရောင်းတဲ့ ဈေးနှုန်းတွေကတော့ အလုံးလိုက်ဆို1kgကို နှစ်သောင်းခွဲပါ။ အသားသီးသန့်ဆိုရင်တော့ 1kgရှစ်သာင်းဖြစ်ပါတယ်။အလုံးလိုက်ဝယ်ယူသွားတဲ့အသီးက မကောင်းတာ၊ချဉ်တာဆိုရင် ပြန်လဲပေးတယ်လို့ သိရပါတယ်။
ဒူးရင်းသီးခြံ လမ်းညွှန်
ကိုမောင်မောင်ရဲ့ မွန်ထောင်းဒူးရင်းသီးခြံက လှည်းကူးမြို့နယ်မှာရှိပါတယ်။ရန်ကုန်-မန္တလေးအမြန်လမ်း(ရန်ကုန်အပြန်လမ်းဘက်အခြမ်း )၁၅မိုင်၂ဖာလုံကနေဝင်ပြီး ကြို့ကုန်းကျေးရွာ ကြီးလေးကြီးလမ်းသစ်လမ်းပေါ်မှာပါ။ဩဂုတ်လဆိုရင်တော့ခြံထဲမှာဒူးရင်းသီးအကုန်ခူးဆွတ်ပြီးပြီဖြစ်ပါတယ်။ဧပြီလဝန်းကျင်ဆိုရင်ခြံထဲမှာအသီးတွေပြန်ဝေဆာနေပြီမို့ ဒူးရင်းချစ်သူတွေလာမယ့်ဒူးရင်းရာသီမှာ သွားရောက်လည်ပတ်နိုင်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။