ဒူးရင်းသီးဟာ ကမ္ဘာပေါ်မှာ ရနံ့မွှေးပြီး ဈေးကြီးတဲ့ သစ်သီးဖြစ်တယ်လို့ လက်ခံထားကြပါတယ်။

ဒူးရင်းသီးဟာ သူ့ကိုမကြိုက်ရင်တောင် နာမည်ကြားလိုက်တာနဲ့ အနံ့ကို ခံစားမိတဲ့အထိ အရှိန်အဝါကြီးတဲ့ သစ်သီးဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ဒူးရင်းပင်အပေါက်များပြီး အပူပိုင်းဒေသ အသီးတစ်မျိုးဖြစ်တဲ့ ဒူးရင်းသီးကို အလွန်ကြိုက်တဲ့သူနဲ့  အနံ့တောင်မခံချင်တဲ့သူဆိုပြီး  နှစ်ခြမ်းကွဲလေ့ ရှိပါတယ်။



နိုင်ငံတကာမှာ ဒူးရင်းသီးဟာ အများပြည်သူနဲ့ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးတွေမှာဆိုရင် သယ်ယူပို့ဆောင်မှု တားမြစ်ရတဲ့ တစ်မျိုးထဲသော အသီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း  ဒူးရင်းသီးဟာ ကမ္ဘာပေါ်မှာ ရနံ့မွှေးပြီး ဈေးကြီးတဲ့ သစ်သီးဖြစ်တယ်လို့ လက်ခံထားကြပါတယ်။

ဒူးရင်းသီးကို အနံ့မကြိုက်ရင်တောင် သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကြောင့် စားသင့်တယ်လို့ ဆေးပညာရှင်တွေက ပြောဆိုလာကြပါပြီ။ ဒါကြောင့် အနံ့မကြိုက်ရင်တောင် ဘာကြောင့် စားသင့်လဲဆိုတဲ့ အချက်(၆)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Photo - Serious Eat

၁။ ဝိတ်ကျစေနိုင်ခြင်း

ဒူးရင်းသီးဟာ အစာချေဖျက်မှုကို  ကူညီပေးပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ဒူးရင်းသီးဟာ သရက်သီး ၊ သင်္ဘောသီးတို့ထက်တောင် အမျှင်ဓာတ်ပိုမိုပါဝင်တဲ့အတွက်  အစားအစာတွေကို စုပ်ယူနိုင်ပြီး အစာချေမှုနှုန်းကို လျှော့ချပေးပါတယ်။ ဒါကြောင့် အူလှုပ်ရှားမှုကို တိုးမြင့်စေတဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာခြေနှုန်းကို နှေးကွေးစေတာကြောင့်  ပိုပြီး ကြာကြာဗိုက်ပြည့်တယ်လို့ ခံစားရပြီး ဆာလောင်မှုကို လျှော့ချပေးတဲ့အတွက် ဝိတ်လည်းကျစေပါတယ်။

ဒူးရင်းသီးက ကယ်လိုရီတော့ မြင့်ပေမယ့် သူ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊ ဗီတာမင်စီ ၊ ပိုတက်စီယမ် ၊ သံဓာတ် ၊  ဗီတာမင်ဘီအုပ်စုတွေပါဝင်တဲ့အတွက် ကယ်လိုရီမြင့်ပေမယ့် စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

၂။ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း

အမျှင်ဓာတ်နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးတာက ဆီးချိုအကြိုရောဂါလက္ခဏာတွေကို တားဆီးနိုင်တဲ့အပြင် ရောဂါသက်သာဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ အမေရိကန် အမျိုးသားဆေးပညာစာကြည့်တိုက်က  ထုတ်ဝေတဲ့  လေ့လာမှုတစ်ခုမှာ  ဒူးရင်းသီးဟာ ပိုလီဖီနောများ၊ အပင်အခြေခံဒြပ်ပေါင်းများ ကြွယ်ဝစွာပါဝင်ပြီး အဝလွန်ခြင်းအပါအဝင် ဆီးချိုရောဂါနှင့် အဝလွန်ခြင်းအပါအဝင် အခြားရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။

ဒူးရင်းသီးဟာ အင်ဆူလင်ထုတ်လွှတ်မှုကို ပြောင်းလဲခြင်းဖြင့် ဂလူးကို့စ် ပင်မဆဲလ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ သုတေသီများက ဒူးရင်းသီးကို စားသုံးပြီးနောက်၊ ဆီးချိုဝေဒနာရှင် ၁၀ ဦးရဲ့ အင်ဆူလင်တုံ့ပြန်ကို လေ့လာရာမှာ အခြားအသီးအနှံများ (သရက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ကြက်မောက်သီး) စားသုံးခြင်းထက် ပိုတိုးတက်ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒူးရင်းသီးဟာ  သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေဖို့ လုပ်ဆောင်ပေးပါတယ်။

Photo - Freepik

၃။ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးခြင်း

သက်ရှိတွေမှာ ဇီဝဖြစ်ပျက်ခြင်းဟာ ခန္ဒာကိုယ်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ၊ အနားယူနိုင်ဖို့ ၊ အလိုလိုပြန်လည်ပြုပြင်ခြင်းတွေအတွက် အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဇီဝဖြစ်ပျက်ခြင်းကို သဘာဝအတိုင်းမြှင့်တင်ပေးတဲ့ အစားအစာတွေဟာ အပင်တွေက အများဆုံးရရှိပြီး အဆီနည်း ၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်ပြီး ဒီထဲမှာ ဒူးရင်းသီးက ထိပ်ဆုံးအဆင့်မှာ ရှိနေပါတယ်။

လေ့လာမှုတစ်ခုမှာ  ကြွက်တွေကို ဒူးရင်းသီး ကျွေးတဲ့အခါ သွေးကြောလုပ်ဆောင်မှု ၊ သွေးတွင်းသကြားဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်လုပ်ဆောင်မှုတွေကို သက်ရောက်စေတာ တွေ့ရပြီး ဒူးရင်းသီးဟာ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို မြှင့်တင်ပေးတာတွေ့ရှိရတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၄။ အရိုးတွေကို ကျန်းမာစေတယ် 

ဒူးရင်းသီးဟာ အရိုးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးဟာ  လူတိုင်းအတွက် အရေးကြီးပေမယ့်လည်း အသက် ၅၀ နှစ်အထက် လူကြီးတွေ ၊  အားကစားသမားတွေ ၊ အကသမားတွေအတွက်  အလွန်အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက် ၊ သစ်သီးတွေနဲ့ အရိုးပွ ရောဂါဆက်စပ်မှုတွေကို လေ့လာတဲ့အခါ အပင်အခြေခံအစားအစာတွေဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေမှာ အရိုးပွ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေတာ တွေ့ရှိခဲ့ပါတယ်။ အသီးအနှံစားခြင်းက ဟင်းသီးဟင်းရွက်စားစားတာထက် အရိုးသိပ်သည်းဆကို ပိုပြီး သက်ရောက်မှုပေးတယ်လို့ ဆိုပါတယ်။လေ့လာမှုမှာ တွေ့ရှိခဲ့တဲ့သစ်သီးတွေက  ဒူးရင်းသီး၊ ပန်းသီး ၊ သရက်သီးနဲ့ ဖရဲသီးတို့ ဖြစ်ပါတယ်။

ဒူးရင်းသီးဟာ ငှက်ပျောသီးထက် ပိုတက်စီယမ် နှစ်ဆလောက် ပိုကြွယ်ဝတယ်လို့ ဆိုပါတယ်။ပိုတက်စီယမ် စားသုံးမှုဟာ  အသက်ကြီးတဲ့ အမျိုးသားတွေနဲ့  သွေးဆုံးပြီး အမျိုးသမီးတွေလိုအပ်တဲ့ သတ္တုဓာတ်ကို ရရှိစေတာကြောင့် အရိုးကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။

Photo - Freepik

၅။ ဒူးရင်းသီးက အိပ်ပျော်စေတယ်

National Library of Medicine က ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ ဒူးရင်းသီးက အိပ်မပျော်ခြင်းကိုကုစားနိုင်တယ်လို့ ဆိုပါတယ်။ သူ့မှာ အမိုင်နိုအက်ဆစ် L-tryptophan ပါဝင်တာကြောင့် အိပ်ပျော်လွယ်စေတယ်လို့ သိပ္ပံနည်းကျလေ့လာမှုတွေရှိနေပါတယ်။ အိပ်မပျော်တတ်သူတွေဟာ Tryptophan ကို အိပ်ရာမဝင်မီ ၄၅ မိနစ်အလိုမှာ ၁ ဂရမ် သောက်သုံးခြင်းဖြင့် အိပ်မပျော်မှုကို လျော့ကျစေပါတယ်။ဒါကြောင့် အိပ်မပျော်တတ်သူတွေဟာ သဘာဝဆေးအနေနဲ့ ဒူးရင်းသီးစားပေးနိုင်တယ်လို့ ဆိုပါတယ်။

၆။ ကင်ဆာနဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်တယ်

ဒူးရင်းသီးမှာ ပိုလီဖီနော၊ အပင်အခြေခံဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့အတွက် သုတေသီတွေဟာ နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒူးရင်းသီးမှာရှိတဲ့ ပိုလီဖီနောဓာတ်ဟာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေလို့ ကင်ဆာ ရောဂါကုသရေးမှာ သုံးလာနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

ဒါကတော့ အနံ့ပြင်းသလို အစွမ်းလည်းထက်လှတဲ့ ဒူးရင်းသီးရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားလည်းရှိတဲ့အတွက် သင့်တင့်ရုံသာ စားသုံးဖို့ကိုလည်း Duwun က အကြံပြုလိုပါတယ်။

Ref: the Beet


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က