ဒီဆိုင်လေးရဲ့ သက်တမ်းက နှစ်ပေါင်း ၄၀ ကျော်နေပါပြီ။

ဦးနှုတ်ခမ်းမွှေးထမင်းကြော်ကတော့ ရန်ကုန် စမ်းချောင်းဒေသခံတွေမစားဖူးသူ မရှိသလောက်လို့ ဆိုရမှာပါ။ တစ်ချိန်က အနုပညာရှင်တွေတော်တော်များများ အကြိုက်တွေ့စေခဲ့တဲ့ ထမင်းကြော်ဆိုင်လေးဖြစ်ခဲ့သလို အခုထက်ထိတိုင်လည်း ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်ရယ်လို့ လက်ရာကောင်းနေဆဲ ဆိုင်လေးအဖြစ် ရပ်တည်နေနိုင်ဆဲပါ။



နှစ် (၄၀) ကျော်သက်တမ်းရှိတဲ့ ဦးနှုတ်ခမ်းမွှေးထမင်းကြော်

ဦးနှုတ်ခမ်းမွှေးထမင်းကြော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀)ကျော် ၁၉၈၀ ခုနှစ်ဝန်းကျင်လောက် စတင်ဖွင့်လှစ်ခဲ့တာပါ။ အဲဒီခေတ်အခါတုန်းက ထမင်းကြော်တစ်ပွဲကို (၂)ကျပ်နဲ့ ရောင်းခဲ့ပြီး တစ်နေ့ကို (၅,၀၀၀) ကျပ်လောက်မြတ်ခဲ့တယ်လို့ ဦးနှုတ်ခမ်းမွှေးက ဆိုင်စဖွင့်ခဲ့တဲ့ အမှတ်ရစရာတွေကို ပြန်ပြောပြပါတယ်။

“ ဒီအလုပ်ကို ဝါသနာပါတယ်။ အဘက ငယ်ငယ်ကတည်းကလည် ချက်တတ်ပြုတ်တတ်တယ်။ ဒီထမင်းကြော်ဆိုင်လေးကိုတော့  ၁၉၈၀ ခုနှစ်လောက်ကစရောင်းခဲ့တာ။ အဲဒီနေ့က လွတ်လပ်ရေးနေ့ပေါ့။ စရောင်းခဲ့တဲ့နေ့ကို မှတ်မိသေးတယ်။  တစ်နေ့ကို ၅၀၀၀ လောက်မြတ်တယ်။ အဲဒါနဲ့ ငါဒီအလုပ်လေးကို အဆင်ပြေတယ်ဆိုတာနဲ့ ဇောက်ချပြီးလုပ်ခဲ့တာ။ကြားထဲမှာ တစ်နှစ်လောက်တော့ ဘန်ကောက်မှာ ထမင်းချက်သွားလုပ်လိုက်သေးတယ်။ အဲဒါနဲ့ သိပ်အဆင်မပြေလို့ မြန်မာပြည်ပြန်လာပြီး ထမင်းကြော်ပဲ ဆက်ရောင်းဖြစ်တာပေါ့” လို့ဆိုင်ရှင် ဦးနှုတ်ခမ်းမွှေးက ဆိုပါတယ်။

ဦးနှုတ်ခမ်းမွှေးလို့ ဘာကြောင့်အမည်တွင်

ဒီဆိုင်ပိုင်ရှင် ဦးနှုတ်ခမ်းမွှေးရဲ့ အမည်ရင်းက ဦးအုန်းမြင့်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ငယ်ငယ်ကတည်းက နှုတ်ခမ်းမွှေးထားတာကြောင့် ထမင်းကြော်ရောင်းတဲ့အချိန်မှာ စားသုံးသူတွေက သူ့ကိုဦးနှုတ်ခမ်းမွှေးပဲ ခေါ်ရာကနေ ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်ဆိုပြီး အမည်တွင်ခဲ့တာြဖစ်ပါတယ်။ ဆိုင်ရဲ့ အမည်ကိုလည်း ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်လို့ အမည်တွင်ခဲ့ပြီး ဆိုင်အမှတ်အသားကအစ သူ့ရဲ့ ပုံနဲ့ နာမည်ကိုအသုံးပြုထားတာ တွေ့ရပါတယ်။

“ ထမင်းကြော်ရောင်းရင်းနဲ့ ဦးလေးက ငယ်ငယ်ကနှုတ်ခမ်းမွှေးထားတော့ သူတို့က နာမည်မခေါ်ဘဲ ဦးနှုတ်ခမ်းမွှေးလို့ပဲ ခေါ်ကြတာ။  အဲ့နာမည်လေးနဲ့ အဘနဲ့ အကျိုးပေးတယ်ဆိုပြီး ဒီနာမည်လေးနဲ့ပဲ ဆက်လုပ်ဖြစ်တာပါ။

ရန်ကုန်သားတွေနဲ့ ခွဲမရတဲ့ ဦးနှုတ်ခမ်းမွှေးထမင်းကြော်

ဦးနှုတ်ခမ်းမွှေးထမင်းကြော်ကို စမ်းချောင်းမြို့နယ် ရွှေလောင်းလမ်းထိပ်မှာ စရောင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက အနုပညာရှင်တွေအများစု လာစားကြတဲ့ ဆိုင်ဖြစ်ခဲ့သလို လူငယ်တွေရဲ့ စုဝေးရာနေရာလေးလည်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တွေတုန်းက ညဘက် ဆယ်နာရီဝန်းကျင်မှ ဖွင့်လှစ်တာကြောင့် ဦးနှုတ်ခမ်းမွှေးထမင်းကြော်ကို ကားတွေနဲ့ စောင့်ပြီး စားခဲ့ကြတာမျိုးတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ဒွေးက အဲ့တုန်းက ငယ်ငယ်ပေါ့။ သူက အဘတို့ဆီမှာ အမြဲတမ်းစားတာ။ ဒွေးအကြိုက်ဆုံးကတော့ အဘတို့ဆီက ငါးကျည်းကြက်တိုက်ကြော်ပေါ့။ သူမအားရင် သူ့အမျိုးသမီး မိုးမိုး အမြဲတမ်းလာဝယ်တယ်။ ဒီလိုပဲ အနုပညာရှင်တော်တော်များများလာစားကြတယ်။  ဟိုတုန်းက ညဘက်ဖွင့်တာ။ သူများဆိုင်တွေသိမ်းမှာ အဘထွက်တာ။ တစ်ချို့ ဘောလုံးပွဲကအပြန် ကလပ်တွေကအပြန် အဘဆီမှာ ဝင်စားကြတာ။ အဲ့တုန်းကဆို တစ်တင်းကို တစ်နာရီကျော်လောက်နဲ့ ကုန်တာ။ အခုတော့ အသက်လည်းကြီးလာပြီ။ ဝါသနာအရရော ကိုယ့်မိသားစု ထမင်းစားရရုံတော်ပြီဆိုပြီး ဆက်လုပ်နေတာပါ” လို့ ဦးနှုတ်ခမ်းမွှေးက ဆိုပါတယ်။

ဦးနှုတ်ခမ်းမွှေးထမင်းကြော်ရဲ့ထူးခြားချက်

ဦးနှုတ်ခမ်းမွှေးထမင်းကြော်က စားလိုက်တာနဲ့ အိအိလေးဖြစ်နေတာတွေ့ရပြီး မီးနံသင့်သင်းလေးနဲ့ ထမင်းရဲ့အရသာကိုက ဟင်းမပါဘဲ အရသာရှိနေတာမျိုးပါ။ ဟင်းပွဲတွေမှာလည်း ဝက်သား၊ အမဲနှပ်၊ ဆိတ်ဦးနှောက်တို့က ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာတွေဖြစ်ပြီး နူးအိနေပြီးတော့ အရသာက လုံးဝမအီဘဲ စားသုံးသူတိုင်း အကြိုက်တွေ့စေမယ့် အရသာတစ်ခုဖြစ်ပါတယ်။

အဘ ထမင်းကြော်ရဲ့ ထူးခြားချက်ကတော့ ဆန်ကို အကောင်းဆုံးပဲသုံးတယ်။  ဟိုတုန်းက ရွှေဘိုမပေါ်သေးတော့ တောင်ပြန်နဲ့ရောင်းခဲ့တာ။ အခုဆို ရွှေဘို ပေါ်ဆန်မွှေး အဲဒါကို သုံးတယ်။ ထမင်းကြော်ကို မဆလာလေးနဲ့ကြော်တာ၊  မဆလာကို ကိုယ်တိုင်ကြိတ်တယ်။ ထမင်းကြော်ပြီဆိုရင် အရသာစပ်ပြီးသား ထမင်းနည်းနည်းကိုပဲ ဒယ်အိုးထဲထည့်ကြော်တာ၊ ဝယ်သူလာမှ ထမင်းကြော်ပေးတာ၊ အဲဒါကြောင့်လည်း စားတဲ့အခါမှာမီးနံသင်းသင်းလေးနဲ့  ထမင်း အိအိလေးနဲ့စားကောင်းတာပေါ့နော်။ ဟင်းဆိုလည်း ဝက်သားအဓိက ။ အိအိလေးနဲ့ ခရင်းနဲ့တောင် အရမ်းဖဲ့စရာမလိုဘူး။ ဝက်သားပေါင်းက လူတိုင်းစားတယ်။ ကြက်ပေါင်း၊ အမဲနှပ်တို့က အစ အိအိလေးနဲ့ ချက်ထားတာ။

အသက် ၇၂ နှစ်အရွယ်ထိထမင်းကြော်ရောင်းနေဆဲ ဦးနှုတ်ခမ်းမွှေး

ဦးနှုတ်ခမ်းမွှေးဟာ လက်ရှိမှာ အသက် ၇၀ ကျော်သွားသည့်တိုင် ဒီထမင်းကြော်ရောင်းရတာကို ပျော်နေဆဲပဲဖြစ်ပါတယ်။ ဝယ်သူတွေ သူ့ထမင်းကြော်ကို အားရပါးရစားနေရင်ကို သူ့အတွက် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမြတ်နည်းနည်းနဲ့ ဝယ်သူများများလာစားနိုင်အောင် ရောင်းပေးနေတာလို့ဆိုပါတယ်။

“ ငယ်ငယ်တည်းက ချက်တာပြုတ်တာ ဝါသနာပါတာ တစ်ချို့အလှူတွေဆို အဘက အလကားလိုက်ချက်ပေးတာ။ အခု အဘက ထိုင်စားလို့ရပေမယ့်  ဝါသနာပါတာ ရယ် နောက်ပြီး အနယ်နယ်အရပ်ရပ်က နှုတ်ခမ်းမွှေးထမင်းကြော်စားချင်တဲ့သူတွေအတွက် ရောင်းပေးတာပေါ့နော်။ တစ်ခါတစ်လေဆို ဆိုင်က ပိတ်နေပြီး စားသုံးသူတွေရောက်လာလို့ ရောင်းပေးရတာတွေလည်း ရှိခဲ့တာပေါ့။ အဘကတော့ ဒီအလုပ်ကို မသေမချင်းလုပ်မှာ အဘမလုပ်နိုင်ရင်တောင် သားသမီးတွေကို လက်ဆင့်ကမ်းမယ်။ အခုဆို စမ်းချောင်း ပုသိမ်လမ်းမှာလည်း အဘနာမည်နဲ့ အဘသမီးတစ်ယောက်ဖွင့်ထားတာပါတယ်။ ” လို့ ဆိုပါတယ်။

ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်မှာ ရနိုင်တဲ့အစားအစာများနဲ့လမ်းညွှန်

ဒီဆိုင်လေးမှာ ဟင်းအမျိုးအစားစုံစုံလင်လင်တွေ့ရပြီး ဝက်သားပေါင်း၊ ဝက်အရိုးနုကြော်၊ အမဲနှပ်၊ ဆိတ်ဦးနှောက် တို့က လူကြိုက်များကြပါတယ်။ ဈေးနှုန်းတွေကတော့ ထမင်းကြော်နဲ့ဟင်းတစ်ပွဲကို အနည်းဆုံး ၁၅၀၀ ဝန်းကျင်ကနေ အများဆုံး ၃၀၀၀ ကျပ်ဝန်းကျင်အထိသာ ရှိတာဖြစ်ပါတယ်။ နာမည်ကြီးလူကြိုက်များတဲ့ ဦးနှုတ်ခမ်းမွှေးထမင်းကြော်ဆိုင်လေးကို မြည်းစမ်းချင်တယ်ဆိုရင်တော့ စမ်းချောင်းမြို့နယ် ဖျာပုံလမ်း၊ အိမ်အမှတ် ၃၂ ၊ မြေညီထပ်မှာဖြစ်ပါတယ်။ မနက် ၇ နာရီကနေ ည ၇ နာရီလောက်အထိ ဖွင့်လှစ်ထားတာမို့ တစ်ခါလောက် မြည်းစမ်းကြည့်နိုင်ဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က